Main menu

Background

အိန္ဒိယနိုင်ငံ၌ ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်လျက် သွင်းကုန်လျော့ချနိုင်မည့် ကုန်စည်အမယ်များ ဖော်ထုတ်

Fri, 11/12/2021 - 13:18 -- journal_editor

      အိန္ဒိယနိုင်ငံ၌ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ခြင်းဖြင့် ပြည်ပမှတင်သွင်းရမှုကို လျော့ချ နိုင်မည့် ဦးစားပေးကုန်စည် ၁၀၂ ခုအား ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ခွဲခြား သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

       လက်ရှိကာလတွင် အိန္ဒိယပြည်တွင်း၌ ထုတ်လုပ်မှုတိုးမြှင့်ရန် အလားအလာ ကောင်း သော ကုန်စည်အမယ်များ တင်သွင်းမှုမှာ တိုးတက်မြင့်မားလျက်ရှိရာ စိုးရိမ် ဖွယ်အခြေ အနေရှိ ကြောင်း၊ အဆိုပါ ကုန်စည် ၁၀၂ ခု၏ ထုတ်လုပ်မှုတိုးတက်ရေးကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အကောက်ခွန်လိုင်း HS code 8-digit အဆင့် ရှိ အဆိုပါကုန်စည်စာရင်းကို အီလက်ထရောနစ်နှင့် သတင်းနည်းပညာ၊ ချည်မျှင် နှင့် အထည်၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့၊ ဆေးဝါးနှင့် ဓာတုပစ္စည်း၊ စားသောက် ကုန်ထုတ်လုပ်မှု၊ သတ္တုတူးဖော်မှု စသည်တို့နှင့် သက်ဆိုင်သော အစိုးရဌာနများအပါအဝင် ဝန်ကြီးဌာန ၁၅ ခုထံ သို့ မျှဝေလျက် ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး နည်းလမ်းများအား ရှာဖွေ ဖော်ထုတ်ရန် အကြောင်းကြားခဲ့ကြောင်း ဌာနဆိုင်ရာ သတင်းအရင်းအမြစ်များအား ကိုးကားလျက် Economic Times သတင်းဌာနက ဖော်ပြပါသည်။

      အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ လေ့လာဆန်းစစ်မှုမှာ ကာလ တို အဖြစ် ၂၀၂၁ ခုနှစ် မတ်လမှ ဩဂုတ်လအတွင်း ပျမ်းမျှတင်သွင်းမှုတန်ဖိုး ဒေါ်လာ သန်း ၅၀၀ နှင့် အထက်ရှိသော ကုန်စည်များ၊ ကာလလတ် ၃ နှစ်အဖြစ် ၂၀၁၈-၁၉ ခုနှစ်မှ ၂၀၂၀-၂၁ ခုနှစ်အထိ လည်းကောင်း၊ ကာလရှည်တွင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အထိ လည်းကောင်း နှစ်စဉ် ပျမ်းမျှတင်သွင်းမှုတန်ဖိုး ဒေါ်လာ ၁ ဘီလီယံနှင့် အထက်ရှိသော ကုန်စည်များကို ရွေးချယ် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

      ၂၀၂၁ ခုနှစ် မတ်လမှ ဩဂုတ်လအတွင်း သွင်းကုန်တန်ဖိုး စုစုပေါင်း၌ အဆိုပါဦးစားပေး ကုန်စည် ၁၀၂ ခု၏ တင်သွင်းမှုတန်ဖိုးမှာ ၅၇.၆၆% ပါဝင်ခဲ့သည်။ ရွှေ၊ စားအုန်းဆီကြမ်း၊ အီလက်ထရောနစ် ပေါင်းစည်းဆားကစ်၊ တစ်ကိုယ်ရည်သုံးကွန်ပြူတာ၊ ယူရီးယားမြေဩဇာ၊ သံမဏိပစ္စည်း၊ သန့်စင်ပြီးကြေးနီ၊ ကင်မရာ၊ ရုပ်သံထုတ်လွှင့်နိုင်သည့်စက်ကိရိယာ၊ နေကြာဆီ နှင့် ဖော့စဖောရစ်အက်ဆစ် စသည်တို့အပါအဝင် ကုန်စည် ၁၈ မျိုးသည် တန်ဖိုးအရ ပါဝင်မှု အများဆုံးနှင့် တင်သွင်းသည့်် တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း သိရှိရသည်။

      အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပထမ ၇ လအတွင်း ကုန်စည်တင်သွင်းမှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၁.၂၉ ဘီလီယံရှိပြီး ယခင်နှစ် တူညီသည့် ကာလ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈၅.၃၈ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၇၈.၇၁% ပိုမိုတိုးတက် လာခဲ့သည်။ ထို့အပြင် ၂၀၁၉ ခုနှစ် ကာလတူ ကုန်စည်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂၈၆.၀၇ ဘီလီယံထက်လည်း ကျော်လွန်ခဲ့ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ သွင်းကုန်အပေါ် အမှီပြု နေရမှုကိုလျော့ချနိုင်ရေး လက်ငင်းဖြေရှင်းဆောင်ရွက်မှုအဖြစ် ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့် နိုင်မည့် အစီအမံများကို အိန္ဒိယအစိုးရက တွန်းအားပေး ဆောင်ရွက်မည်ဖြစ်ပါသည်။

Source:         1. Commerce ministry shares list of 102 items to ministries for enhancing domestic capacity to cut imports, 10-11-2021, Economic Times

                   2. Govt looks to cut imports of 100+ 'priority' items, 11-11-2021, Economic Times

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့