Main menu

Background

၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်၌ နယ်သာလန်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် ကပ်ရောဂါမတိုင်မီ အဆင့်ထက် ကျော်လွန်

Fri, 11/12/2021 - 13:22 -- journal_editor

         ၂၀၂၁ ခုနှစ်၊ ပထမ (၆)လအတွင်း နယ်သာလန်နိုင်ငံ၏ ကုန်စည်တင်ပို့မှုသည် ယခင်နှစ်က ထက် ယူရို (၄၂) ဘီလျံ၊ ကုန်စည်တင်သွင်းမှုသည် ယူရို(၃၅) ဘီလျံ ပိုမိုရရှိခဲ့ရာ ပို့ကုန်/သွင်းကုန် နှစ်ရပ်စလုံးတွင် ကပ်ရောဂါမတိုင်မီကအဆင့်ထက် ပိုမိုကျော်လွန်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ပထမ နှစ်ဝက်နှင့်နှိုင်းယှဉ်လျှင် ပို့ကုန် (၆) ရာခိုင်နှုန်း၊ သွင်းကုန် (၈) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း Statistics Netherlands (CBS) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

         ၂၀၂၁ ခုနှစ်၊ ပထမ (၆) လတွင် အထူးပြုစက်ပစ္စည်းများ (specialized machinery) တင်ပို့မှု တန်ဖိုးမှာ ယူရို (၁၄) ဘီလျံကျော်ရှိခဲ့ပြီး မကြုံစဖူးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ အလားတူ ဆေးနှင့် ဆေးပစ္စည်း၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်၊ ဆေးပစ္စည်းကိရိယာတန်ဆာပလာ၊ ကွန်ပျူတာ၊ ပလပ်စတစ်၊ ပန်းနှင့်အပင်များ တင်ပို့မှုတန်ဖိုးသည်လည်း အမြင့်ဆုံးအဆင့်သို့ စံချိန်တင် ရောက်ရှိခဲ့ ကြောင်း သိရပါသည်။

         ဥရောပတစ်ဝန်း၌ စီးပွားရေးပြန်လည်ပတ်လာနိုင်မှု၏ အကျိုးဆက်အဖြစ် နယ်သာလန် နိုင်ငံမှ သယ်ယူပို့ဆောင်ရေးပစ္စည်းများ တင်ပို့မှုသည်လည်း ကပ်ရောဂါမတိုင်မီကာလက အဆင့်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ရေနံနှင့်ဓါတ်ငွေ့တင်ပို့မှုမှာ သိသာစွာပြန်လည်တိုးတက်လာခဲ့သော် လည်း ၂၀၁၉ ခုနှစ်ကရှိခဲ့သည့်အဆင့်သို့ မရောက်ရှိသေးဟု ဆိုသည်။

         ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်တွင် နယ်သာလန်နိုင်ငံ၌ ထုတ်လုပ်သည့်ကုန်စည် (သို့မဟုတ်) ပြည်ပမှတင်သွင်းပြီးနောက် နယ်သာလန်တွင် အကြီးစားပြုပြင်ထုတ်လုပ်သည့် ကုန်စည်များတင်ပို့ မှု (Domestic Exports) တန်ဖိုးစုစုပေါင်းမှာ ယူရို (၁၅၇) ဘီလျံရှိခဲ့ပြီး Re-exports ထက်ပို၍ မြန်ဆန်စွာတိုးတက်လာခဲ့ကြောင်း၊ အဆိုပါပမာဏသည် လွန်ခဲ့သည့်တစ်နှစ်ကထက် (၂၂) ရာခိုင် နှုန်း၊ ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်ကထက် (၉) ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

       ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်တွင် နယ်သာလန်နိုင်ငံ၏ ရေနံထွက်ပစ္စည်းနှင့် ဓါတ်ငွေ့တင်သွင်း မှုသည် နှစ်အလိုက်နှိုင်းယှဉ်ချက်အရ သိသာစွာမြင့်တက်ခဲ့ပြီး၊ တင်သွင်းမှုတန်ဖိုး (၆.၆) ဘီလျံယူရို နှင့် (၁.၉) ဘီလျံယူရို အသီးသီးရှိခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ကုန်စည်ဝယ်လိုအား အပေါ်သက်ရောက်မှုကြောင့် ၂၀၂၀ ခုနှစ်၏ ပထမနှစ်ဝက်တွင် သယ်ယူပို့ဆောင်ရေးကိရိယာ၊ အဝတ် အထည်၊ သံနှင့်သံမဏိ စသည့်ကုန်စည်များတင်သွင်းမှုမှာ သိသိသာသာ ကျဆင်းခဲ့ သော်လည်း ၂၀၂၁ ခုနှစ်၏ ပထမနှစ်ဝက်တွင်မူ ၎င်းကုန်စည်များတင်သွင်းမှုသည် ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်က အဆင့် နီးပါးသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။ 

ရင်းမြစ် - https://www.cbs.nl/en-gb/news/2021/37/dutch-goods-trade-above-pre-pandemic-level-in-first-half-of-2021

ကျော်စိန်ဝင်း

စီးပွားရေးသံမှူး