Main menu

Background

၂၀၂၁-၂၀၂၂ သီးနှံကာလတွင် ဘရာဇီးလ်နိုင်ငံ၏သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၂၈၉.၈ သန်း အထိရောက်ရှိနိုင်

Mon, 11/15/2021 - 11:00 -- journal_editor

    ၂၀၂၁-၂၀၂၂ ခုနှစ် သီးနှံကာလအတွင်း ဘရာဇီးလ်နိုင်ငံ၏သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၂၈၉.၈ သန်းအထိ ရောက်ရှိနိုင်ကြောင်း ၂၀၂၀-၂၀၂၁ ခုနှစ်သီးနှံကာလတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုတွင် တန်ချိန် ၂၅၂.၇၅ သန်းသာ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင်ထုတ်ပြန်သည့် အစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် National Supply Company(Conab)၏ ဒုတိယအကြိမ်မြောက် သုတေသနတွေ့ရှိချက်တွင် ဖော်ပြထားသည်။

        ယခုနှစ်သီးနှံစိုက်ပျိုးရာသီတွင် မိုးရေချိန်လုံလောက်စွာရရှိ၍ ပထမသီးနှံစိုက်ပျိုးမှုများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးမြေဧရိယာစုစုပေါင်း ဟက်တာ ၇၁.၈ သန်းအထိ စိုက်ပျိုးပြီးစီးရန်ခန့်မှန်းထားကြောင်း၊ အဆိုပါစိုက်ပျိုးမြေဧရိယာများတွင် ပထမသီးနှံစိုက်ပျိုးရာသီဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှဒီဇင်ဘာလအတွင်းစိုက်ပျိုးခဲ့သည့် မြေဧရိယာများ၊ ဒုတိယသီးနှံစိုက်ပျိုးရာသီဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှဧပြီလအတွင်းစိုက်ပျိုးမည့်မြေဧရိယာများနှင့် တတိယသီးနှံစိုက်ပျိုးရာသီဖြစ်သည့် ဧပြီလဒုတိယအပတ်မှ ဇွန်လအတွင်းစိုက်ပျိုးမည့် မြေဧရိယာများပါဝင်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံရာသီတွင် စိုက်ပျိုးမည့်မြေဧရိယာသည် ယခင်သီးနှံစိုက်ပျိုးရာသီနှင့်နှိုင်းယှဉ်ပါက ၄.၁ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ကြောင်း လေ့လာတွေ့ရှိချက်တွင် ဖော်ပြ ထားသည်။

      Conab၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာတွင် စိုက်ပျိုုးဧရိယာတွင် ၃.၅ ရာခိုင်နှုန်းတိုးတက်ခဲ့မှုနှင့် ပဲပုတ်စေ့တိုးတက်ထွက်ရှိမှုအခြေအနေကို အလေးထားဖော်ပြထားသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ယခင်စိုက်ပျိုးရာသီတွင် ပြောင်းစိုက်ခင်းများပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးထွက်ရှိမှုတွင် တန်ချိန် ၁၄၂ သန်းအထိရောက်ရှိနိုင်ပြီး ကမ္ဘာ့ဈေးကွက်သို့အများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ဘရာဇီးလ်နိုင်ငံက ဆက်လက်ရပ်တည်လျက်ရှိကြောင်း၊ ယခင်သီးနှံထွက်ရှိချိန်ကာလအတွင်း ဆီထွက်သီးနှံတန်ချိန် ၁၃၇.၃၂ သန်း တင်ပို့နိုင်ခဲ့ကြောင်း သုတေသနတွေ့ရှိချက်တွင် ဖော်ပြထားသည်။

        ၂၀၂၁-၂၀၂၂ ခုနှစ်ကာလ၌ ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် တန်ချိန် ၁၁၆.၇ သန်းအထိ ထွက်ရှိနိုင်ကြောင်း၊ စိုက်ပျိုးရာသီတွင် မိုးရေချိန်မလုံလောက်မှုနှင့် သီးနှံထွက်ရှိချိန်တွင် ဆီနှင်းအေးခဲသည့်ရာသီဥတုတို့ ဖြစ်ပေါ်ခဲ့မှုကြောင့် ယခင်နှစ်သီးနှံထွက်ရှိချိန်ကာလတွင် ပြောင်းတန်ချိန် ၈၇.၀၂ သန်းသာ ထွက်ရှိခဲ့ကြောင်း လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

           ဝါဂွမ်းထုတ်လုပ်ရန်အတွက် မြေဟက်တာ ၁.၄၉ သန်းအပေါ်တွင် ဝါမျိုးများစိုက်ပျိုး ခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလ ဝါခူးဆွတ်ချိန်တွင် ဝါတန်ချိန် ၂.၃၆ သန်းအား ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်ဝါစိုက်ပျိုးကာလတွင် ၉.၃ ရာခိုင်နှုန်း တိုးချဲ့စိုက်ပျိုးနိုင်ခဲ့သဖြင့်  ဝါတန်ချိန် ၂.၆၅ သန်းအထိတိုးတက်ထွက်ရှိနိုင်ရန်ခန့်မှန်းထားကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ဝါရာသီတွင် ဝါတန်ချိန် ၂.၃၆ သန်း ထွက်ရှိခဲ့ကြောင်း လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင်ဖော်ပြထားသည်။

       ၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် ဆန်တန်ချိန် ၁၁.၇၅ သန်းအား စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ဆန်တန်ချိန် ၁၁.၅ သန်းအား ထုတ်လုပ်နိုင်ရန်ခန့်မှန်းထားကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလ ပထမသီးနှံရာသီတွင် ပဲတန်ချိန် ၉၇၆,၆၀၀ တန် ထွက်ရှိခဲ့ပြီး  ၂၀၂၁-၂၀၂၂ ခုနှစ်ပထမသီးနှံရာသီတွင် ပဲတန်ချိန် ၁.၀၁ သန်း ထွက်ရှိနိုင်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလတစ်ခုလုံး၏ စိုက်ပျိုးထုတ်လုပ်မှုမှ ပဲတန်ချိန် ၂.၈၈ သန်းထွက်ရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ပဲတန်ချိန် ၃.၁ သန်းထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

(ထွန်းအောင်ဇော်)    

စီးပွားရေးသံမှူး     

သတင်းရင်းမြစ် - canalrural.com.br