Main menu

Background

အိန္ဒိယနိုင်ငံ၌ ၂၀၂၅ ခုနှစ်မှစတင်၍ အီသနော ၂၀% ပါဝင်သည့် ဓာတ်ဆီကိုသာ ရောင်းချရန် စီစဉ်လျက်ရှိခြင်း

Mon, 11/15/2021 - 11:08 -- journal_editor

          အိန္ဒိယနိုင်ငံ၌ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှစတင်၍ အီသနောလောင်စာဆီ ရောစပ်မှု ၂၀% ပါဝင်သည့် ဓာတ်ဆီကိုသာ ရောင်းချခွင့်ပြုရန် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိရာ မော်တော် ယာဉ်အသစ်များအား ရောစပ်လောင်စာဆီနှင့် ကိုက်ညီမှုရှိစွာ ထုတ်လုပ်ရောင်းချရမည်ဖြစ်ပြီး မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် လက်ရှိထုတ်လုပ်ထားသော ဓာတ်ဆီသုံး မော်တော် ကားများကိုလည်း လိုက်ဖက်ညီသည့် လောင်စာစနစ် ပြန်လည်ပြုပြင် တပ်ဆင်ရဖွယ်ရှိကြောင်း သိရှိရပါသည်။

      အစိုးရအဖွဲ့စီးပွားရေးရာကော်မတီက အီသနောဈေးနှုန်းများအား မြှင့်တင်ရန် အတည်ပြု ချမှတ်ခဲ့ပြီး နောက်တစ်ရက် ၁၁-၁၁-၂၀၂၁ နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အိန္ဒိယ ရေနံနှင့် သဘာဓာတ်ငွေ့ဝန်ကြီးဌာနမှ အတွင်းဝန် Mr. Tarun Kapoor က အစိုးရသည် အီသနော လောင်စာ ၂၀ ရာခိုင်နှုန်း ပါဝင်ရောစပ်ထားသည့် ဓာတ်ဆီအရောအနှော (E20 blended petrol) အား မိတ်ဆက်အသုံးပြုခြင်းကို ၂၀၂၃ ခုနှစ်မှ အစပြုဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်မှ စတင်၍ E20 ရောနှောဓာတ်ဆီကိုသာ ရောင်းချခွင့်ပြုရန် ရည်မှန်းချက် ချမှတ်ထားကြောင်း၊ ထိုသို့ အကူးအပြောင်းကာလအတွင်း စက်ဆုံးဆီဆိုင်များတွင် ၎င်း E20 ဓာတ်ဆီနှင့် အီသနော ၁၀ ရာခိုင်နှုန်း ပါဝင်သည့် E10 ဓာတ်ဆီတို့ကို ရောင်းချပေးလိမ့်မည်ဖြစ်ကြောင်း၊ E20 ဓာတ်ဆီ သီးသန့်ရောင်းချသည့် အရောင်းဆိုင်များ ထားရှိမည်မဟုတ်ပဲ တည်ရှိပြီးသား စက်သုံးဆီဆိုင်များ မှ ဖြန့်ဖြူးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

      မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများက အစိုးရ၏ အီသနောလောင်စာ ရောစပ်သုံးစွဲရေးအစီအစဉ်အပေါ် လိုက်ပါဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောဆိုသကဲ့သို့ စိုးရိမ်ပူပန်ဖွယ် အချက်များလည်းရှိကြောင်း ဖော်ပြကြပါသည်။

     အိန္ဒိယပြည်တွင်း၌ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချရာတွင်ဈေးကွက်ဝေစု ၅၀% ကျော် ရရှိထားသည့် Maruti Suzukiကုမ္ပဏီသည်လက်ရှိကာလ၌ E10 ဓာတ်ဆီနှင့်ကိုက်ညီသည့်မော်တော်ယာဉ်များထုတ်လုပ်လျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင်E20 ရောနှောဓာတ်ဆီနှင့်လိုက်လျောညီထွေမှုရှိစွာ ထုတ်လုပ်နိုင်မည့်အခြေအနေရှိပါသည်။ အဆိုပါကုမ္ပဏီမှ နည်းပညာဆိုင်ရာ အရာရှိချုပ် Mr. C V Raman က အစိုးရ၏ E10 နှင့် E20 ရောနှောဆီများ အသုံးပြုရေး ရှေ့ရှုဆောင်ရွက်မှုတွင် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် သာမန်ဓာတ်ဆီနှင့် CNG တို့အပြင် ပြုပြင်ပြောင်းလဲလွယ်သည့် ရောနှောဆီ (flex fuel) စနစ်ကိုလည်း မော်တော်ယာဉ်ထုတ်လုပ်မှုလိုင်း၌ အစပြုထည့်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုပါသည်။

     သို့ရာတွင် အီသနောလောင်စာ ၂၀ ရာခိုင်နှုန်းပါဝင်သည့် စက်မောင်းဆီ ထည့်သွင်း အသုံး ပြုရန် သင့်လျော်မှုမရှိသော မော်တော်ယာဉ်များအား လိုက်လျောညီထွေမှုရှိအောင် ပြုပြင်ရာ၌ ကုန်ကျစရိတ်ကြီးမားခြင်း၊ အီသနောရောနှောဆီ၏ ဆီစားမှုနှုန်းမြင့်မားခြင်း စသည့်အချက်များ ကြောင့် သုံးစွဲသူများ၏ နှစ်သက်လက်ခံမှုကို မရရှိနိုင်သည့် ပြဿနာရပ်များနှင့် ကြုံတွေ့ရနိုင်ကြောင်း ပြည်ပမော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှ အမှုဆောင်အရာရှိတစ်ဦးက ပြောဆိုပါသည်။

      အတွင်းဝန် Mr. Tarun Kapoor ၏ ပြောကြားချက်အရအိန္ဒိယအစိုးရသည်မော်တော်ယာဉ်များ၌ ၁၀၀ ရာခိုင်နှုန်းပြည့်အီသနောလောင်စာဆီဖြင့်မောင်းနှင်အသုံးပြုနိုင်သည့်အဆင့်ရောက်ရှိရန်ရည်မှန်းထားပြီး ကနဦး လေ့လာဆန်းစစ်မှုစီမံကိန်းကိုPuneမြို့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ပြည်တွင်း၌ မော်တော်ဆိုင်ကယ်များထုတ်လုပ်လျက်ရှိသော Bajaj Auto၊ TVS နှင့်Toyotaကုမ္ပဏီတို့ကအီသနောပါဝင်မှုမြင့်မားသော flex fuelလောင်စာဆီများ ထည့်သွင်းအသုံးပြုနိုင်သည့်အင်ဂျင်များကိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ထို့အပြင်TVS Motor နှင့်Mahindra & Mahindraကုမ္ပဏီများသည်အီသနောလောင်စာဆီသုံးမော်တော်ယာဉ်များ ကနဦးစမ်းသပ်ထုတ်လုပ်မှုကိုPune မြို့၌လုပ်ဆောင်လျက်ရှိပြီဖြစ်သည်။

     အိန္ဒိယနိုင်ငံ၌E20 ရောနှောလောင်စာဆီဖြင့်မောင်းနှင်အသုံးပြုနိုင်သည့်မော်တော်ယာဉ်များ ထုတ်လုပ်ရောင်းချမှုကိုကုန်းလမ်းပို့ဆောင်ရေးနှင့်အဝေးပြေးလမ်းမကြီးများဝန်ကြီးဌာနကခွင့်ပြုပေးရမည်ဖြစ်သော်လည်း ၂၀၂၅ ခုနှစ်အရောက်တွင်အဆိုပါရောနှောလောင်စာဆီများ ထုတ်လုပ်ရောင်းချနိုင်မှုသေချာစေရန်ရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနကတွန်းအားပေး လုပ်ဆောင်လျက်ရှိသည်။ ယခင်ကပြည်တွင်း၌ လေထုညစ်ညမ်းမှုကိုလျော့ချရန် Bharat Stage VIအဆင့်ရှိ စက်မောင်းဆီသုံးစွဲရေးကိုတွန်းအားပေးဆောင်ရွက်စဉ်ကလည်း လောင်စာဆီထုတ်လုပ်ရေးကဏ္ဍ၏ ဦးဆောင်မှုနောက်တွင် မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းများက တဖြည်းဖြည်း လိုက်ပါလာသည့် သာဓကရှိခဲ့သည်။

   အိန္ဒိယအစိုးရသည်ပြည်တွင်း၌ အီသနောရောနှောလောင်စာဆီအသုံးပြုရေး လမ်းပြမြေပုံ ၂၀၂၀-၂၅ ကိုကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ ၅-၆-၂၀၂၁ ရက်နေ့တွင်ချမှတ်ထုတ်ပြန်ခဲ့ရာ အိန္ဒိယစက်သုံးဆီ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီများသည်ဓာတ်ဆီ၌ အီသနော ၁၀% ရောနှော ထည့်သွင်းမှုအား ၂၀၂၁-၂၂ ESY အီသနောထုတ်လုပ်ပေးသွင်းရေးနှစ် (ဒီဇင်ဘာလမှ နိုဝင်ဘာလ အထိ) တွင်လည်းကောင်း အီသနော ၂၀%ပေါင်းစပ်မှုအား ၂၀၂၅-၂၆ ESYနှစ်၌ လည်းကောင်း ရည်မှန်းချက်ပြည့်မီရေး ဆောင်ရွက်လျက်ရှိသည်။ Business Standardသတင်းဌာန၏ ဖော်ပြချက်အရအိန္ဒိယရေနံကုမ္ပဏီများသည် ၂၀၁၃-၁၄ ESY နှစ်တွင်အီသနောလောင်စာဆီလီတာ ၃၄ ကုဋေသာ ထုတ်လုပ်ခဲ့ရာမှ၂၀၂၀-၂၁ ESY နှစ်တွင် လီတာ ကုဋေပေါင်း ၃၅၀ ကျော်အထိထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

Source:         India aims to sell only 20% ethanol-blended petrol from 2025: Oil Secretary, 11-11-2021, Business Standard

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့