Main menu

Background

မီဇိုရမ်ပြည်နယ်အတွင်း ကုလားတန် ဘက်စုံစီမံကိန်း လုပ်ငန်းဆောင်ရွက်မှု ပြီးစီးလုနီးပါးရှိ

Tue, 11/16/2021 - 10:18 -- journal_editor

      မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ၂၀၀၈ ခုနှစ်၌ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သော  ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ ပြီးစီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

       အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ၁၁-၁၁-၂၀၂၁ နေ့တွင် ကျင်းပသော ၅၁ ကြိမ်မြောက် ပြည်နယ်အုပ်ချုပ်ရေးမှူးများ ညီလာခံ၌ မီဇိုရမ်ပြည်နယ်မှ အုပ်ချုပ်ရေးမှူးဖြစ်သူ Mr. Hari Babu Kambhampati က မီဇိုရမ်ပြည်နယ်နှင့် ကောလ်ကတ္တားဆိပ်ကမ်းတို့အကြား မြန်မာနိုင်ငံ၊ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ဆက်သွယ်မည့် ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်အား အကောင်အထည်ဖော်ရာတွင် ယခုအခါ မီဇိုရမ်ပြည်နယ် ဘက်ခြမ်း၌ တည်ဆောက်ရေးလုပ်ငန်းများမှာ ပြီးစီးလုနီးပါး အခြေအနေရှိကြောင်း၊ အဆိုပါစီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများမှာ မူလက ဇွန်လတွင်ပြီးစီးရန် မျှော်မှန်းထားခဲ့သော်လည်း Covid-19 ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် နှောင့်နှေးခဲ့ရကြောင်း၊ ပြည်သူ့လုပ်ငန်းများဦးစီးဌာနသည် လမ်းမြေညှိပြုပြင်ခြင်း (formation cutting) လုပ်ငန်းရပ်များအား ၄၀၅ ကီလိုမီတာ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ကတ္တရာခင်းခြင်း (black topping) နှင့် အမာခံ ကွန်ကရိခင်းခြင်း (cement concrete pavements) လုပ်ငန်းများမှာ ၄၇.၃ ကီလိုမီတာနှင့် ၉၀ ကီလိုမီတာ အသီးသီးဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထို့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အိန္ဒိယ လယ်ယာနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဘဏ် (NABARD) တို့၏ ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း ကွန်ယက်ဆက်သွယ်မည့် လမ်း ၈၂ ခု အား ပြုပြင်ဖောက်လုပ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊  မီဇိုရမ်ပြည်နယ်နှင့် အိန္ဒိယပြည်မကြီးအကြား သယ်ယူပို့ဆောင်မှုမှာ လက်ရှိကာလ၌ Chicken’s Neck ဟု တင်စားခေါ်ဝေါ်သည့် အနောက်ဘင်ဂယ်ပြည်နယ်ရှိ ကျဉ်းမြောင်းသော Siliguri စင်္ကြန်လမ်း တစ်ခုတည်းကိုသာ အားထားနေရကြောင်း၊ ကုလားတန် ဘက်စုံစီမံကိန်း ပြီးစီးပါက အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသနှင့် ပြည်မအကြား ဆက်သွယ်မှု အကွာအဝေးကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ၏အကျိုးစီးပွားအတွက် ဤစီမံကိန်းအပေါ် အထူးအလေးပေး ဆောင်ရွက်သင့်ကြောင်းဖြင့် ပြည်နယ်အတွင်း စီမံကိန်းလုပ်ငန်းများအခြေအနေကို တင်ပြရာတွင် ရှင်းလင်းပြောဆိုခဲ့ပါသည်။

      တစ်ရက်တာ ကျင်းပသော အဆိုပါညီလာခံ၌ အိန္ဒိယနိုင်ငံ၏ အကြီးအကဲများဖြစ်သော သမ္မတ၊ ဒုတိယသမ္မတနှင့်ဝန်ကြီးချုပ်တို့ အသီးသီးတက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး အိန္ဒိယပြည်ထဲရေးဝန်ကြီး Mr. Amit Shah က သဘာပတိဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Source:         1. Governors' Conference 2021: Mizoram Governor Presents State Report & Projects Undertaken, 11-11-2021, Northeast Today

                   2. India-Myanmar road project nearing completion: Mizoram Governor, 12-11-2021, www.eastmojo.com

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့