Main menu

Background

ဂျပန်မှ မော်တော်ကားကုမ္ပဏီများ ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရောင်းအားခန့်မှန်းချက်အပေါ် လျှော့ချပြင်ဆင်ခဲ့

Tue, 11/16/2021 - 14:33 -- journal_editor

   တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အခြားသောစက်ပစ္စည်းအစိတ်အပိုင်းများမလုံလောက်မှုကြောင့် ဂျပန်နိုင်ငံမှ မော်တော်ကားကုမ္ပဏီကြီးများသည် ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် မော်တော်ကားရောင်းချမှုပမာဏခန့်မှန်းချက်အပေါ် လျှော့ချပြင်ဆင်ခဲ့ကြကြောင်းသိရသည်။

        ယခု၂၀၂၁ ခုနှစ်ဧပြီလမှ လာမည့်၂၀၂၂ မတ်လကုန်ဖြစ်သည့် ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းဂျပန်မော်တော်ကားကုမ္ပဏီကြီး ၇ ခု၏ မော်တော်ကားရောင်းချမှုအရေအတွက်ခန့်မှန်းချက်သည် မူလလျာထားချက်ထက် အစီးရေ ၂ သန်း ကျော်ပမာဏလျှော့ချကာပြင်ဆင်ထားပါသည်။ မော်တော်ကားကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ နှစ်ဝက်ဘဏ္ဍာရေးအစီရင်ခံစာထုတ်ပြန်ရာတွင် ထိုကဲ့သို့ အရောင်းပမာဏပြင်ဆင်ချက်များကိုထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

          Toyotaကုမ္ပဏီသည်၎င်းတို့၏အုပ်စုဝင် မော်တော်ကားကုမ္ပဏီအားလုံးအတွက် အရောင်းပမာဏခန့်မှန်းချက်ကို ၁၀ ဒသမ ၂၉ သန်းဟုပြင်ဆင်ထုတ်ပြန်ခဲ့ရာ ၎င်းပမာဏသည်မူလခန့်မှန်းထားသည်ထက် အစီးရေ ၂၆၀,၀၀၀ လျော့နည်းနေပါသည်။

          Honda ကုမ္ပဏီသည်မော်တော်ကားအစီးရေ ၆၅၀,၀၀၀ လျှော့ချပြီး ၄ ဒသမ၂ သန်း၊ Nissan ကုမ္ပဏီသည်မော်တော်ကားအစီးရေ ၆၀၀,၀၀၀ လျှော့ချပြီး ၃ ဒသမ ၈ သန်း၊ Suzukiကုမ္ပဏီသည် မော်တော်ကားအစီးရေ၂၂၅,၀၀၀ ၊ Subaru ကုမ္ပဏီသည် မော်တော်ကားအစီးရေ၁၃၀,၀၀၀၊ Mazda ကုမ္ပဏီသည် မော်တော်ကားအစီးရေ၉၈,၀၀၀၊ Mitsubishi ကုမ္ပဏီသည် မော်တော်ကားအစီးရေ၆၄,၀၀၀ စသည်ဖြင့်အရောင်းပမာဏကိုပြင်ဆင်လျှော့ချခဲ့ကြပါသည်။

          ကမ္ဘာတစ်ဝှမ်း၌တစ်ပိုင်းလျှပ်ကူးပစ္စည်းပြတ်လပ်မှုအကျပ်အတည်းနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားမှု၏ သက်ရောက်မှုများကြောင့် အရှေ့တောင်အာရှနိုင်ငံများတွင် မော်တော်ကားထုတ်လုပ်မှုဆိုင်ရာ အပိုပစ္စည်း အစိတ်အပိုင်းများ လုံလောက်စွာမထုတ်လုပ်နိုင်ခြင်းကြောင့် ဂျပန်မှ မော်တော်ကားကုမ္ပဏီကြီးများအနေဖြင့် ၎င်းတို့၏ အရောင်းပမာဏများကို လျှော့ချပြင်ဆင်သတ်မှတ် ခဲ့ရခြင်းဖြစ်သည်။

ရင်းမြစ်။https://www3.nhk.or.jp/

နန္ဒာဝင်း   

    (စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ တိုကျိုမြို့