Main menu

Background

အမေရိကန်-ဂျပန်အကြားသံမဏိနှင့်အလူမီနီယံသတ္တုများ၏ အခွန်နှုန်းများနှင့်ပတ်သက်၍ ဆွေးနွေးရန်ရှိ

Tue, 11/16/2021 - 14:40 -- journal_editor

   အမေရိကန်ပြည်ထောင်စုယခင်သမ္မတDonald Trump လက်ထက်တွင် သံမဏိနှင့်အလူမီနီယံတင်သွင်းမှုအပေါ် စည်းကြပ်ကောက်ခံခဲ့သည့် အခွန်နှုန်းထားများလျှော့ချပေးရန်ရည်ရွယ်၍ ဂျပန်နိုင်ငံနှင့် ဆွေးနွေးရန်ကမ်းလှမ်းခဲ့ကြောင်းသိရပါသည်။

          ကမ္ဘာ့ကုန်ထုတ်လုပ်မှုတွင် အကြီးအကျယ်လွှမ်းမိုးလာသည့် တရုတ်နိုင်ငံ၏ လက်ရှိအနေအထားကိုထောက်ပြကာအမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့အကြားထိုအရေးကိစ္စကိုလက်တွဲဖြေရှင်းသင့်ကြောင်းဟု အမေရိကန်ပြည်ထောင်စုမှ Trade Representativeဖြစ်သူ Ms. Katherine Tai နှင့် Commerce Secretary ဖြစ်သူ Ms. Gina Raimondoတို့ကပြောကြားခဲ့ပါသည်။

          အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့သည် သမိုင်းဝင်မိတ်ဖက်နိုင်ငံများဖြစ်ကြပြီးအပြန်အလှန်လေးစားယုံကြည်မှုဖြင့် အတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊တရုတ်နိုင်ငံ၏ ကမ္ဘာ့ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုတို့တွင် လွှမ်းမိုးရန် ကြိုးပမ်းမှုများကိုထိန်းချုပ်နိုင်ရေးစသည့်အကြောင်းအရာများအပေါ် နှစ်နိုင်ငံအကြားအမြင်ချင်းဖလှယ်ကာရလဒ်ကောင်းများရရှိရန် အဓိကဆွေးနွေးသွားလိုကြောင်းMs. Tai နှင့် Ms. Raimondoတို့ကပြောကြားခဲ့သည်။

          တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုစျေးကွက်အပေါ် မညီမမျှဖြစ်စေသည့် ဆောင်ရွက်ချက်များသည် အမေရိကန်ပြည်ထောင်စု၏ သံမဏိနှင့် အလူမီနီယံထုတ်လုပ်မှုများ၊ စျေးကွက်များနှင့် အဆိုပါကဏ္ဍတွင် လုပ်ကိုင်ဆောင်ရွက် နေကြသည့် လုပ်သားများအပေါ် များစွာသက်ရောက်မှုရှိစေသည်ဟုအမေရိကန်အစိုးရအရာရှိများကထောက်ပြခဲ့သည်။

          Ms. Raimondoသည် မကြာမီတွင် ဂျပန်နိုင်ငံသို့လာရောက်ပြီးဂျပန်နိုင်ငံမှ အစိုးရအရာရှိများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ ၎င်းနောက် သူမ၏ ပထမဆုံးအာရှဒေသခရီးစဉ်အဖြစ် မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီးခရီးစဉ်အတွင်းသြစတြေးလျနှင့် နယူးဇီလန်နိုင်ငံမှ အစိုးရအရာရှိများနှင့် တွေ့ဆုံသွားရန်ရှိကြောင်းသိရပါသည်။

          လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊အမေရိကန်သမ္မတ Donald Trump လက်ထက်တွင် ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့အပါအဝင် အခြားသောကမ္ဘာ့နိုင်ငံများအပေါ် သံမဏိတင်သွင်းမှုတွင် ၂၅ရာခိုင်နှုန်းနှင့် အလူမီနီယံတင်သွင်းမှုအပေါ် ၁၀ရာခိုင်နှုန်းစည်းကြပ်ကောက်ခံခဲ့ပါသည်။ Republican ပါတီမှ သမ္မတ Trump ၏ ထိုသို့အခွန်စည်းကြပ်ခဲ့မှုအပေါ် ဝေဖန်မှုများစွာရှိခဲ့သော်လည်း ၎င်းအနေဖြင့် နိုင်ငံအတွင်းရှိ ကုန်ထုတ်လုပ်ငန်းများ၏ အကျိုးစီးပွားနှင့် လုံခြုံရေးရှုထောင့်မှ ချင့်တွက်ကာထိုကဲ့သို့ အခွန်များစည်းကြပ်ခဲ့ခြင်းဖြစ်သည်ဟု Trump ကပြောကြားခဲ့ပါသည်။

       ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းကအမေရိကန်ပြည်ထောင်စုနှင့်ဥရောပသမဂ္ဂတို့အကြား"new era in transatlantic cooperation" ဟူ၍ အမေရိကန်သမ္မတ Joe Biden ကသုံးနှုန်းထားသည့် သံမဏိနှင့် အလူမီနီယံထုတ်ကုန်များကိုအမေရိကန်နိုင်ငံသို့ တင်သွင်းရာတွင် အခွန်နှုန်းများကင်းလွတ်မည်ဖြစ်ကြောင်းပူးတွဲကြေညာခဲ့ပါသည်။

        အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့သည် တရုတ်၊ ဥရောပမဂ္ဂနှင့် အိန္ဒိယနိုင်ငံများပြီးနောက် ကမ္ဘာ့သံမဏိထုတ်လုပ်မှုတွင် ထိပ်တန်းနိုင်ငံများဖြစ်ကြကြောင်းကမ္ဘာ့သံမဏိအသင်းမှ အချက်အလက်များအရသိရှိရပါသည်။

ရင်းမြစ်။https://www.japantimes.co.jp/

နန္ဒာဝင်း       

    (စီးပွားရေးသံမှူး)  

မြန်မာသံရုံး၊ တိုကျိုမြို့