Main menu

Background

အိန္ဒိယနိုင်ငံ၌ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်စတင်ခြင်း

Fri, 11/19/2021 - 10:48 -- journal_editor

              အိန္ဒိယနိုင်ငံ၌ COVID-19 ကပ်ရောဂါစတင်ကူးစက်ချိန်မှ ရပ်ဆိုင်းထားခဲ့သော ကမ္ဘာလှည့်ခရီးသည်များ ပြည်တွင်းဝင်ရောက်ခွင့် ခရီးသွားဗီဇာထုတ်ပေးခြင်းကို ပြန်လည်စတင်ခဲ့ပြီဖြစ်ပါသည်။

          အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနသည် စင်းလုံးငှားလေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီးသည်များ လာရောက်လည်ပတ်ခြင်းကို အောက်တိုဘာ ၁၅ ရက်မှ စတင်ခွင့်ပြုမည်ဖြစ်ပြီး အခြားသောလေကြောင်းခရီးစဉ်များဖြင့် လာရောက်လည်ပတ်မှုကို နိုဝင်ဘာ ၁၅ရက်တွင် ခွင့်ပြုမည်ဖြစ်ကြောင်း ယခင်လက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အိန္ဒိယအစိုးရ၏ ယခုကဲ့သို့ ခရီးသွားဗီဇာ ပြန်လည်ထုတ်ပေးရန် ဆောင်ရွက်ချက်အပေါ် တုံ့ပြန်မှုမှာ လွန်စွာနည်းပါးနေဦးမည်ဖြစ်ကြောင်း ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းကဏ္ဍ၌ ပါဝင်လုပ်ကိုင်နေကြသူများ က ပြောဆိုလျက်ရှိသည်။

           ပြည်တွင်းသို့ ခရီးသည်များ ဝင်ရောက်လည်ပတ်မှု (Inbound Travel) ကို အလေးပေး လုပ်ကိုင်လျက်ရှိသည့် Creative Travel ကုမ္ပဏီမှ တွဲဖက်ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Mr. Rajeev Kohli က လက်ရှိ လုပ်ထုံးလုပ်နည်းစည်းမျဉ်းများမှာ ရှေ့နောက်ညီညွတ်မှုမရှိသကဲ့သို့ ပြည်တွင်းသို့လာရောက်သည့် လေကြောင်းခရီးစဉ်များမှာ နှစ်နိုင်ငံ Air Bubble သဘောတူညီချက်များအရ ပျံသန်းပြေးဆွဲမှုများဖြင့်သာ ပြည့်ကျပ်လျက် ရှိကြောင်း၊ ထို့အပြင် လေယာဉ်ခနှုန်းထားများ အလွန်မြင့်မားလျက်ရှိခြင်းက ခရီးသည်များ၏ လာရောက်လည်ပတ်လိုမှုကို လျော့ကျစေကြောင်း၊ ယခုအချိန်ထိ ၎င်းတို့၏ပြည်ပလုပ်ငန်းမိတ်ဖက် မည်သူကမျှ စိတ်ဝင်စားမှုမရှိသေး ကြောင်း၊ အခြားသောနိုင်ငံများစွာ၌ ကန့်သတ်မှုများအား ဖြေလျော့မှုပြုလျက်ရှိရာ ခရီးသည်များအနေဖြင့် ရွေးချယ်နိုင်ခွင့် အများပြားရှိနေကြောင်း၊ ပြည်ပရှိ မိတ်ဖက်လုပ်ငန်းများသည်လည်း ၎င်းတို့၏ ခရီးသွားဈေးကွက်ဝေစုကို ပြန်လည်တည်ဆောက်ရန် ဆန္ဒရှိကြမည်ဖြစ်ကြောင်းဖြင့် ပြောဆိုပါသည်။

          အိန္ဒိယ ခရီးသွားလုပ်ငန်းကိုယ်စားလှယ်များအသင်း (TAAI) မှ ဥက္ကဋ္ဌ Ms. Jyoti Mayal က လည်း Air Bubble အစီအစဉ်ဖြင့် ပျံသန်းသည့် လေကြောင်းခရီးစဉ်များမှာ လုံလောက်မှုမရှိသကဲ့သို့ ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်းလည်း နည်းပါးကြောင်း၊ မဖြစ်မနေသွားလာရမည့် ခရီးသွားလာမှုများ ရှိလာမည်ဖြစ်သော်လည်း လေယာဉ်ခသည် သင့်တင့်မျှတသည့် ဈေးနှုန်းများ မဖြစ်သရွေ့ ခရီးသွားလုပ်ငန်း တိုးတက်ဖြစ်ထွန်းရန်မရှိကြောင်း၊ အပန်းဖြေခရီး လာရောက်မည့်သူများလည်း ရှိမည်မဟုတ်ကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် နိုင်ငံတကာ စီးပွားရေးလေကြောင်း ခရီးစဉ်များ ပြန်လည်စီစဉ်ဆောင်ရွက်ရန် မြို့ပြလေကြောင်းဝန်ကြီးဌာန၊ ခရီးသွားဝန်ကြီးဌာန၊ ပြည်ပရေးရာ ဝန်ကြီးဌာနတို့အပါအဝင် ဝန်ကြီးဌာန ၆ ခုထံသို့ စာရေးသားပေးပို့တောင်းဆိုမည် ဖြစ်ကြောင်း ပြောကြားပါသည်။

           အလားတူ Air Bubble လေကြောင်းခရီးစဉ်များ၏ လက်မှတ်ခများမှာ ပုံမှန်ထက် သုံးဆမှ လေးဆ အထိ ပိုမိုကြောင်း၊ အစိုးရအနေဖြင့် ယခင်နှစ် မတ်လမတိုင်မီက နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် ပျံသန်းပြေးဆွဲခဲ့သော လေကြောင်းခရီးစဉ်များကို ကြည့်ရှုဆောင်ရွက်သင့်ကြောင်း၊ ထို့အပြင် ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့မှ ခရီးသည်များအား e-tourist visa ခွင့်ပြုပေးမှုမရှိခြင်းက အစိုးရ၏ ယခုလုပ်ဆောင်ချက်အပေါ် တုန့်ပြန်မှုနည်းပါးပြီး လာမည့်လ အတန်ကြာသည့်တိုင် ထိုကဲ့သို့ ဆက်လက်ဖြစ်ပေါ်စေနိုင်ကြောင်းဖြင့် အိန္ဒိယခရီးသွားလုပ်ငန်းရှင်များအသင်း (IATO) ၏ ဥက္ကဋ္ဌ Mr. Rajiv Mehra က ပြောဆိုပါသည်။

          ဒေလီမြို့အခြေစိုက် Swagatam Tours ကုမ္ပဏီမှ ဒါရိုက်တာ R Parthiban က ပြည်ဝင် ဗီဇာထုတ်ပေးမှုနှင့်ပတ်သက်၍ အချို့နိုင်ငံများနှင့် အပြန်အလှန်သဘောဖြင့် ဆောင်ရွက်မှုများရှိနေချိန်တွင် ခရီးသွားလာရန်အတွက် RT PCR tests စစ်ဆေးမှု၊ သီးသန့်ခွဲခြားနေထိုင်စေမှု စသည့် လိုအပ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများမှာ ပြတ်သားမှုမရှိပဲ အဓိပ္ပါယ်ကွဲပြားစွာ ဖွင့်ဆိုနိုင်သည့် အခြေအနေ ပေါ်ပေါက်လျက်ရှိကြောင်း၊ အခြားနိုင်ငံများက Covid-19 ကပ်ရောဂါကာလ မတိုင်မီ၌ ထုတ်ပေးခဲ့သော ကာလရှည်ဗီဇာများအား အသိအမှတ်ပြုလျက်ရှိချိန်တွင် အိန္ဒိယကမူ လက်ခံခြင်းမပြုပဲ ဗီဇာအသစ်ဖြင့်သာ ပြည်ဝင်ခွင့်ပြုလျက်ရှိကြောင်း၊ နိုင်ငံတကာစီးပွားရေးလေကြောင်း ခရီးစဉ်များနှင့် ပတ်သက်၍ ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိသေးသဖြင့် ရက်သတ္တတစ်ပတ်လျှင် ၃ ကြိမ်ကဲ့သို့ ခွင့်ပြုလျက် ဝန်ဆောင်မှု စွမ်းအားအနည်းငယ်ဖြင့် ခရီးစဉ်များ ပြန်လည် စတင်လုပ်ဆောင်သင့်ကြောင်း၊ Covid-19 ကပ်ရောဂါ ဒုတိယလှိုင်းသက်ရောက်မှုက ပြည်ပခရီးသည်များအား အိန္ဒိယသို့လာရောက်ရန် စိုးရိမ်မှုများဖြစ်စေလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်း၌ ကပ်ရောဂါကူးစက်မှုမှ တိုးတက်ကောင်းမွန်လာသည့်အခြေအနေကို သိရှိနိုင်စေရေး သံရုံးများ၊ အစိုးရဌာနများအနေဖြင့် အသိပေးလှုံ့ဆော်ပွဲ (campaign) များ ကျင်းပဆောင်ရွက်သင့်ကြောင်း ထောက်ပြပြောဆိုပါသည်။

          ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရေး ဆွဲဆောင်မှုအဖြစ် ယခုဘဏ္ဍာနှစ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ ပြည်တွင်းသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသား ခရီးသည် ၅ သိန်း အား ခရီးသွားပြည်ဝင်ခွင့်ဗီဇာ အခမဲ့ထုတ်ပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး နီမာလာ စီသာရာမန်က ဇွန်အတွင်း၌ ပြောကြားထားပါသည်။ အိန္ဒိယအစိုးရသည် Covid-19 ကပ်ရောဂါ မဖြစ်ပွားမီကာလ၌ ကမ္ဘာလှည့်ခရီးသည်များ အတွက် e-Tourist Visa လျှောက်ထားနိုင်သည့် နိုင်ငံပေါင်း ၁၇၁ ခု သတ်မှတ်ခဲ့သော်လည်း ယခုအခါ တရုတ် (ဟောင်ကောင်နှင့် မကာအို အပါအဝင်)၊ ဗြိတိန်၊ ကနေဒါ၊ မလေးရှား၊ အီရန်၊ ဆော်ဒီ အာရေဘီးယားနှင့် အင်ဒိုနီးရှား နိုင်ငံတို့ကို ခရီးသွားလာရေးဆိုင်ရာ အပြန်အလှန် အသိအမှတ်ပြုဆောင်ရွက်မှုမရှိခြင်းကြောင့် အဆိုပါစာရင်းမှ ဖယ်ရှားထားပါသည်။ ထို့အပြင် အိန္ဒိယခရီးသည်များ၏ Covid-19 ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်အား အသိအမှတ်ပြုရန်ငြင်းဆန်မှုနှင့် မဖြစ်မနေ သီးသန့်ခွဲခြား နေထိုင်ရန် သတ်မှတ်ချက်အပေါ် တုံ့ပြန်မှုအဖြစ် ဗြိတိန်နိုင်ငံသား ခရီးသည်များအား ပြည်တွင်းသို့ဝင် ရောက်ခွင့်ပြုရာတွင် အလားတူ ကန့်သတ်ချက်များကို အိန္ဒိယအစိုးရက ချမှတ်ထားသည်။ Covid-19 ရောဂါကူးစက်မှု ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုနှင့် ပတ်သက်၍လည်း ကနေဒါနိုင်ငံသား များအား အိန္ဒိယသို့ လာရောက်ရာ၌ e-Tourist Visa ထုတ်ပေးမှုကို ဆိုင်းငံ့ထားသည်။

          လက်ရှိကာလ၌ အိန္ဒိယအစိုးရသည် ပုံမှန်နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို နိုဝင်ဘာလ ၃၀ ရက်အထိ တားမြစ်ထားပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံနှင့် Air Bubble သဘောတူညီချက်လက်မှတ် ရေးထိုးလျက် လေဆိပ်နှစ်ခုအကြား အသွားအပြန်ပြေးဆွဲသော ခရီးစဉ်များကိုသာ လုပ်‌ကိုင်ခွင့်ပြုထားသည်။

Source:         1. India opens to foreign tourists; response to be lukewarm, says travel industry, 15-11-2021, Economic Times

                     2. India excludes China, Hong Kong, Macau, UK, and Canada from availing e-Tourist Visa, 12-11-2021, Times of India

                     3. India resumes tourist visas for foreigners, 15-11-2021, The Hindu Business Line

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့