Main menu

Background

တရုတ်-အမေရိကန်ဆက်ဆံရေး လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိလာစေရန် နှစ်နိုင်ငံသမ္မတများ ဆွေးနွေးခဲ့

Fri, 11/19/2021 - 14:24 -- journal_editor

           တရုတ်သမ္မတ မစ္စတာရှီကျင်းပင်နှင့် အမေရိကန်သမ္မတ မစ္စတာ ဂျိုးဘိုင်ဒန် တို့သည် နိုဝင်ဘာလ (၁၆)ရက်နေ့က ဗွီဒီယိုမှတစ်ဆင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး အတွက် ဆွေးနွေးခဲ့ကြပါသည်။

           ထိုသို့ဆွေးနွေးရာတွင် အောက်ဖော်ပြပါအချက်များ အဓိကရရှိခဲ့သည့်အချက်များမှာ -

        တရုတ်-အမေရိကန် အပြန်အလှန်အကျိုးကျေးဇူးဖြစ်ထွန်းရေးအဓိကကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လာမှုကို ပုံဖော်ရာတွင် မဟာဗျူဟာကျသည့် အရေးပါသောအခြေခံကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြခြင်း ၊ နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိစေရန် ဆက်သွယ်မှုပုံစံအမျိုးမျိုးဖြင့် ထိန်းကျောင်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ခြင်း ၊ တွေ့ဆုံမှုမှာ ပွင့်လင်းပြီး  အပြုသဘောဆောင်ကာ လက်တွေ့ကျ၍ ရလဒ်ကောင်းခြင်းနှင့် တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် နိုင်ငံတကာအသိုက်အဝန်းက အပြုသဘောဆောင်သည့် မျှော်လင့်ချက်ရှိခဲ့ခြင်း၊ အပြန်အလှန်နားလည်မှု တိုးမြင့်လာခြင်း၊ နှစ်နိုင်ငံနှင့်ကမ္ဘာသို့ အင်အားကြီးသည့် သတင်းစကား ပေးပို့ခဲ့ခြင်း တို့ဖြစ်သည်။

          တရုတ်သမ္မတက ဆွေးနွေးရာတွင် အဓိကပါဝင်သည့်အချက်များမှာ တစ်နိုင်ငံ၏ လူမှုရေးစနစ်များနှင့် ဖွံ့ဖြိုးမှုလမ်းကြောင်းများ၊ အဓိက စိတ်ဝင်စားမှုများနှင့် စိုးရိမ်ပူပန်မှုများကို အခြားနိုင်ငံဘက်က လေးစားနားလည်ပေးရန်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်၊ နှစ်ဉီးနှစ်ဘက် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုပြုရန်၊ တရုတ်နိုင်ငံက အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာစီမံကိန်းများတွင် အမေရိကန်ကိုလည်း တံခါးဖွင့်ကြိုဆိုထားရာ သာတူညီမျှရှိမှု၊ နှစ်နိုင်ငံဆက်ဆံရေးအတွက် အဆင့်တိုင်း၊ နယ်ပယ်တိုင်း၌ အပြန်အလှန်အကျိုးကျေးဇူးဖြစ်ထွန်းမှုများဖြင့် ဆောင်ရွက်သွားရန်၊  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုဆောင်ရွက်လာနိုင်စေရေးအတွက် စီးပွားရေး၊ စွမ်းအင်၊ စစ်ရေး၊ ဉပဒေအသက်ဝင်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ဆိုက်ဘာ၊ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေးတို့တွင် အချင်းချင်းရိုင်းပင်းဆောင်ရွက်ရန်၊  နှစ်နိုင်ငံအကြား မတူညီမှုများနှင့် ထိရှလွယ်သည့်ကိစ္စရပ်များအပေါ် အပြုသဘောဆောင်၍ ဖြေရှင်းရန်၊ ကမ္ဘာသို့ ကျန်းမာရေးသုံးပစ္စည်းများ ပိုမိုထောက်ပံ့ပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာ အဓိကကိစ္စရပ်များကို ပေါင်းစပ်ဆောင်ရွက်မှု အားကောင်းခိုင်မာစေရန်၊  နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပြဿနာရပ်များကို နိုင်ငံရေးအသွင် ပြောင်းလဲမှုမပြုရန်၊  သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်အသစ်အပေါ် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းခိုင်မာစေ၍ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စိတ်ချလုံခြုံရေးကို နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွဲကာကွယ်ဆောင်ရွက်ရန်၊ ရာသီဉတုပြောင်းလဲမှုနှင့် စပ်လျဉ်း၍ ပါရီသဘောတူညီချက်ကိုဖော်ဆောင်ရေး တရုတ်-အမေရိကန် ပူးပေါင်း ဆောင်ရွက်ရန်၊  ပြည်သူ့ ကျန်းမာရေးကဏ္ဍတွင် တရုတ်နှင့် အမေရိကန်တို့က ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးနှင့် ကူးစက်နိုင်သည့်ရောဂါ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုယန္တရား ထည်ထောင်ရန်နှင့် အပြည်ပြည်ဆိုင်ရာဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ထပ်ဆောင်းမြှင့်တင်ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

          အမေရိကန်သမ္မတဘက်မှ ဆွေးနွေးရာတွင် အဓိကပါဝင်သည့် အချက်များမှာ   တစ်နိုင်ငံ၏ ရည်ရွယ်ချက်များကို အခြားနိုင်ငံဘက်မှ ပိုမိုနားလည်စေရန် ပွင့်လင်းသည့် ဆွေးနွေးညှိနှိုင်းမှုရှိရန်လိုကြောင်း၊ နှစ်နိုင်ငံအကြား ပြိုင်ဆိုင်ရာတွင် မျှတပြီး သင့်လျော်မှုရှိရန်လိုကာ ပဋိပက္ခအသွင်သို့ မကူးပြောင်းရန်လိုကြောင်း၊ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့် ပဋိပက္ခဖြစ်ရန် မရည်ရွယ်ကြောင်း၊  အမေရိကန်သည် တရုတ်နိုင်ငံနှင့် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို အခြေခံ၍ ဆက်သွယ်မှုကိုတိုးမြှင့်ကာ၊ နားလည်မှုလွဲမှားခြင်းကိုလျှော့ချလျက်၊ မတူညီမှုများကို အပြုသဘောဆောင်၍ ကိုင်တွယ်ဖြေရှင်းလိုကြောင်း၊ အမေရိကန်က တရုတ်နိုင်ငံဘက်မှ နီးကပ်စွာဆောင်ရွက်လိုသည့် နယ်ပယ်များတွင် လိုအပ်ချက်များအပေါ် အလေးထားကြောင်း၊ ကပ်ရောဂါနှင့် ရာသီဉတုပြောင်းလဲမှုကဲ့သို့ တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့် စိန်ခေါ်မှုများကို တုံ့ပြန်ကာ၊ နှစ်နိုင်ငံမှ ပြည်သူများ ပိုမိုကောင်းမွန်သည့်ဘဝများ ရရှိစေရန် ဆောင်ရွက်သင့်ကြောင်း၊  နှစ်နိုင်ငံမှလူငယ်များကို တစ်ဖက်နိုင်ငံ၏ယဉ်ကျေးမှုအား ပိုမိုလေ့လာစေရေး အားပေးတိုက်တွန်း၍ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သည့်နေရာတစ်ခုသို့ရောက်ရှိစေရန် ကူညီပေးရမည်ဖြစ်ကြောင်းစသည်တို့ ဖြစ်ပါသည်။

          နှစ်နိုင်ငံမှသမ္မတများသည် အာဖဂန်နစ္စတန်အရေးကိစ္စ၊ အီရန်နယူကလီးယားပြဿနာ၊ ကိုရီးယားကျွန်းဆွယ်အခြေအနေနှင့် အခြားအပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာပြဿနာများအပေါ်တွင်လည်း အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု သိရပါသည်။

ရင်းမြစ်၊ Xinhua (၁၆-၁၁-၂၀၂၁)

(ဒေါက်တာရွှေစင်ကို)

စီးပွားရေးသံမှူး