Main menu

Background

ပထမဆုံး တရုတ်-ဗီယက်နမ် နယ်စပ်စစ်ဆေးရေးဂိတ် မီးရထားဉမင်လိုဏ်ခေါင်းကို ဆက်လက်တည်ဆောက်လျက်ရှိ

Fri, 11/19/2021 - 14:29 -- journal_editor

        ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဖန်ချန်းကန် (Fangchenggang)-တုန်ရှင်း (Dongxing) မီးရထားလမ်းပေါ်တွင် အရှည်လျားဆုံးဖြစ်သည့် ထုံးကူလင် (Tongguling) ဉမင်လိုဏ်ခေါင်းအတွက် တူးဖော်နေမှုများနှင့် လိုဏ်ခေါင်း ဖောက်လုပ်နေမှုများမှာ စတင်ဖောက်လုပ်ချိန်မှ ရက်ပေါင်း(၉၀၀)ကျော်ကြာမြင့်သည့် နိုဝင်ဘာလ (၉)ရက်နေ့တွင် ပြီးစီးသွားပြီ ဖြစ်ပါသည်။

       ယခုအခါ ၎င်းရထားလမ်းပေါ်ရှိ လိုဏ်ခေါင်းများအားလုံးတို့မှာ ဆက်သွယ် ပြီးသွားပြီဖြစ်ကာ ထုံးဂူလင်ဉမင်လိုဏ်ခေါင်းမှာ တရုတ်-ဗီယက်နမ်နယ်စပ်စစ်ဆေးရေး ဂိတ်နှင့် ဆက်သွယ်ပေးထားသည့် တရုတ်နိုင်ငံပထမဆုံး ဉမင်လိုဏ်ခေါင်း ဖြစ်ပါသည်။ နောက်ပိုင်းအဆင့်များဖြစ်သည့် ကြမ်းခင်းလောင်းခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ဆက်သွယ်မှုများတည်ထောင်ခြင်းတို့ကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။

        ဖန်ချန်းကန် - တုန်ရှင်း မီးရထားလမ်းမှာ(၄၆.၉) ကီလိုမီတာရှည်လျားပြီး တစ်နာရီလျှင် အမြန်နှုန်း (၂၅၀) ကီလိုမီတာဖြင့် ပြေးဆွဲသွားရန် သတ်မှတ်ထားပါသည်။ ယခုအခါ အရှည် (၃,၇၉၀)မီတာရှိသည့် ထုံးဂူလင် ဉမင်လိုဏ်ခေါင်းနှင့် လိုဏ်ခေါင်း (၈)ခုကို ဆက်သွယ်နိုင်ပြီဖြစ်ရာ စတင်ပြေးဆွဲပါက ဖန်ချန်းကန်နှင့်တုန်ရှင်းကြားတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို မြှင့်တင်လာနိုင်မည်ဖြစ်ကာ ခရီးသွားလာရာတွင် ကြာမြင့်ချိန်မှာ ယခင်က မိနစ် (၉၀)ရှိခဲ့ရာမှ မိနစ်(၂၀)သာ ကြာမြင့်တော့မည် ဖြစ်ပါသည်။

          ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တရုတ်-ဗီယက်နမ် နိုင်ငံဖြတ်ကျော်ရထားပေါင်း (၁,၄၉၆)စင်း ပြေးဆွဲခဲ့ကာ၊ ၎င်းအနက် ကုန်တင်ရထားစင်းရေ (၂၇၂)စင်း ပါဝင်ခဲ့ပြီး၊ ယခင်နှစ်ကထက် (၅၇.၅) ရာခိုင်နှုန်းနှင့် (၁၁၂.၅)  ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့သည်ကို တွေ့ရပါသည်။

         ဖန်ချန်းကန်သည် တရုတ်နိုင်ငံအဆင့် ပင်လယ်ဆိပ်ကမ်းများနှင့် ကုန်းလမ်းစစ်ဆေးရေးဂိတ်များ၏ ကုန်စည်သယ်ယူပို့ဆောင်ရေးအချက်အချာနေရာကျသည့် မြို့တစ်မြို့ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဖန်ချန်းကန် သယ်ယူပို့ဆောင်ရေးဗျူရို၏ ညွှန်ကြားရေးမှူး Qiu Zumeng က ပြောကြားထားပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၁-၁၁-၂၀၂၁)

(ဒေါက်တာရွှေစင်ကို)

စီးပွားရေးသံမှူး