Main menu

Background

Beijing Stock Exchange တွင် ရောင်းဝယ်မှုများ စတင်ပြုလုပ်

Fri, 11/19/2021 - 14:36 -- journal_editor

            အသစ်တည်ထောင်လိုက်သည့် Beijing Stock Exchange (BSE)ကို နိုဝင်ဘာ လ (၁၅) ရက်နေ့တွင် စတင်လိုက်ပြီး၊ ၎င်းအစုရှယ်ယာဈေးကွက်တွင် ပထမအသုတ်အဖြစ် ကုမ္ပဏီ (၈၁)ခု ပါဝင်ပါသည်။

            Beijing Stock Exchange တွင် ပါဝင်သည့် ကုမ္ပဏီများအနက် (၇၁)ခုမှာ "new third board" ဟု လူသိများသည့် တရုတ်နိုင်ငံ၏ National Equities Exchange and Quotations မှ လွှဲပြောင်းပေးခြင်းဖြစ်ပြီး၊ ကျန် (၁၀)ခုမှာ အသစ်အတည်ပြုလိုက်သောကုမ္ပဏီများ ဖြစ်ပါသည်။

           နံနက် (၁၀ : ၂၀)နာရီတွင် စာရင်းအသစ်ပါဝင်လာသည့်ကုမ္ပဏီ (၁၀)ခုတို့၏ အစုရှယ်ယာဈေးနှုန်းများမှာ  (၆၀)ရာခိုင်နှုန်းကျော် ခုန်တက်သွားခဲ့သဖြင့် နှစ်ကြိမ်မျှ ခေတ္တရပ်ဆိုင်းခဲ့ရသည်ဟု သိရပါသည်။ သို့ရာတွင် ရောင်းဝယ်မှု ပြန်လည်စတင်သည့်အခါ ၎င်းအစုရှယ်ယာများ၏ ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်ခဲ့ပြီး၊ အမြင့်ဆုံး (၅၀၀) ရာခိုင်နှုန်းကျော်အထိ ဖြစ်သွားခဲ့သည်ဟု သိရပါသည်။

        stock exchange တွင် အသစ်ပါဝင်လာသည့်ကုမ္ပဏီများ၏ အစုရှယ်ယာ ဈေးနှုန်းများအပြောင်းအလဲကို ပထမနေ့တွင် ကန့်သတ်မည်မဟုတ်သော်လည်း၊ ဈေးနှုန်း အတက်အကျ (၃၀)ရာခိုင်နှုန်းကျော်မှ (၆၀)ရာခိုင်နှုန်းကျော်ကြား အတက်အကျဖြစ်ခဲ့လျှင် ရောင်းဝယ်မှုကို (၁၀)မိနစ်ခန့် ယာယီဆိုင်းငံ့မည်ဖြစ်ပါသည်။

       အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ကာလကြာရှည် ကြုံတွေ့နေရ သည့် ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းရန် ရည်ရွယ်သည့်အနေဖြင့် အစုရှယ်ယာရောင်းဝယ်မှု အသစ်တစ်ရပ် တည်ထောင်ရေးအတွက် အစီအမံကို တရုတ်နိုင်ငံကကြေညာပြီးနောက် (၂)လမျှသာကြာမြင့်ပြီး Beijing Stock Exchange ကို စတင်ခြင်းဖြစ်ပါသည်။ ဤသို့ လုပ်ဆောင်မှုကို ဈေးကွက်တွင် တရုတ်နိုင်ငံ၏ အစုရှယ်ယာဈေးကွက် ပြုပြင်ပြောင်းလဲခြင်းနှင့်ဖွံ့ဖြိုးတိုးတက် လာခြင်း၏ နောက်ထပ်မှတ်တိုင်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ကြိုဆိုကြပါသည်။

ရင်းမြစ်၊ Xinhua (၁၅-၁၁-၂၀၂၁)

(ဒေါက်တာရွှေစင်ကို)

စီးပွားရေးသံမှူး