Main menu

Background

တရုတ်ပြည်တွင်းဈေးကွက်၌ သံမဏိ (Stainless Steel) ဈေးနှုန်း ဆက်လက်ကျဆင်းဖွယ်ရှိ

Fri, 11/19/2021 - 14:50 -- journal_editor

         နိုဝင်ဘာလ (၁၅)ရက်နေ့တွင် သံမဏိ (Stainless Steel)ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁၉,၉၈၆.၆၇)ဖြစ်ခဲ့ကာ၊ ယခင်နေ့ကထက် (၀.၈၃) ရာခိုင်နှုန်းနှင့် နှစ်စကထက် (၃၇.၄၉) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အောက်တိုဘာလနှောင်းပိုင်းမှစ၍ သံမဏိ ဈေးနှုန်းများမှာ ဆက်တိုက်ကျဆင်းနေသည်ကို တွေ့ရပါသည်။ 

             ရောင်းလိုအားဘက်တွင် နေရာအနှံ့အပြား၌ လျှပ်စစ်မီးဖြတ်တောက်ခြင်းကို ဖြေလျှော့ပေးခဲ့ရာ နိုဝင်ဘာလအတွင်း သံမဏိအကြမ်းထည်ထုတ်လုပ်မှုမှာ ယခင်လ ကထက် (၁၄.၃၉)ရာခိုင်နှုန်း ပိုမိုလာမည်ဖြစ်ပါသည်။

            ဝယ်လိုအားဘက်တွင် ပုံမှန်ဝယ်လိုအားမြင့်သည့်အချိန် ပြီးဆုံးသွားပြီဖြစ်ရာ ကုန်လက်ကျန်ထားရှိသည့်နှုန်းမှာ နှေးကွေးနေပါသည်။ ကုန်ချောထုတ်လုပ်သည့်ကုမ္ပဏီ များဘက်မှ ကုန်ကြမ်းသိုလှောင်ထားလိုသည့်ဆန္ဒမှာလည်း နည်းနေပြီး၊ ၎င်းကုမ္ပဏီအများစုမှာ ဈေးပိုမိုဆစ်ပြီး၊ ဈေးကွက်အနေအထားကို စောင့်ကြည့်လိုသည့်အနေအထားသာ ရှိနေပါသည်။

          ကုန်ကျစရိတ်နှင့်အမြတ်အားဖြင့် ကုန်ကြမ်းပစ္စည်းများနှင့် စွမ်းအင်တို့၏ဈေးနှုန်းများမှာ ကျဆင်းနေရာ၊ သံမဏိစက်ရုံများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာလည်း ကျဆင်းနေပါသည်။အားနည်းနေသည့်ဝယ်လိုအားနှင့်ထုတ်လုပ်မှု ပြန်လည်စတင်နေမှုတို့ကြောင့် သံမဏိလက်ငင်းဈေးကွက်မှာ ဆက်လက်အားနည်းနေဖွယ်ရှိပါသည်။

ရင်းမြစ်၊ SunSirs (၁၆-၁၁-၂၀၂၁)

(ဒေါက်တာရွှေစင်ကို)

စီးပွားရေးသံမှူး