Main menu

Background

အီးယူ၏ပို့ကုန်ကဏ္ဍမှအလုပ်အကိုင်ပေါင်း (၃၈) သန်းကျော်ကိုအထောက်အကူပြုလျက်ရှိခြင်း

Mon, 11/22/2021 - 11:14 -- journal_editor

 

      အီးယူ၏ပြည်ပပို့ကုန်တင်ပို့မှုမှအလုပ်အကိုင်ရရှိမှုအပေါ်သက်ရောက်မှုဆိုင်ရာအစီရင်ခံစာတစ်ရပ်ကိုဥရောပကော်မရှင်၊ကုန်သွယ်ရေးဌာန (Directorate-General for Trade) က၁၂-၁၁-၂၀၂၁ရက်တွင် ထုတ်ပြန်ခဲ့ရာ အီးယူ၌ အလုပ်အကိုင်ပေါင်း (၃၈) သန်းကျော်ကို ပို့ကုန်တင်ပို့မှုကဏ္ဍမှအထောက်အကူပြုလျက်ရှိကြောင်း၊လွန်ခဲ့သည့်ဆယ်စုနှစ်ကထက်အလုပ်အကိုင် (၁၁) သန်းပိုများလာခဲ့ကြောင်းဖော်ပြထားပါသည်။

      အီးယူ၏ပို့ကုန်ကဏ္ဍမှအထောက်အကူပြုထားသောအလုပ်အကိုင်များသည်အီးယူစီးပွားရေးကဏ္ဍတစ်ရပ်လုံး၏အလုပ်အကိုင်များထက်ပျမ်းမျှ (၁၂) ရာခိုင်နှုန်းခန့် ပိုမိုကောင်းမွန်သော လုပ်ခလစာကို ရရှိကြကြောင်း ၊ပို့ကုန်ကဏ္ဍ ဆက်စပ်အလုပ်အကိုင်ရရှိမှုသည် ၂၀၀၀ခုနှစ်မှ၂၀၁၉ခုနှစ်အတွင်း (၇၅) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ အီးယူ၏စာရင်းဇယားများအရ ကုန်သွယ်မှုပိုမိုပြုလုပ်နိုင်ပါက အလုပ်အကိုင်ပိုမိုရရှိနိုင်သည်ကို ပြသနေပြီး၊ ယင်းအခြေအနေကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အကောင်းဆုံးနည်းလမ်းမှာအီးယူ၏ကုန်သွယ်ရေးသဘောတူညီချက်များမှတစ်ဆင့်ရရှိသည့်အခွင့်အလမ်းသစ်များကိုသေချာအောင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်းသိရပါသည်။

   အီးယူ၏ပို့ကုန်တင်ပို့မှုတွင် (၉၃) ရာခိုင်နှုန်းမှာ SMEs လုပ်ငန်းများကတင်ပို့ခြင်းဖြစ်ရာအီးယူမှချုပ်ဆိုထားသည့်ကုန်သွယ်ရေးသဘောတူညီချက်များမှပေးအပ်ထားသည့်အခွင့်အလမ်းများအားပိုမိုသိရှိနားလည်စေရေး SMEs များကိုအကူအညီပေးရန်အရေးကြီးသည်ဟုဆိုသည်။

 အီးယူ၌အလုပ်အကိုင်တိုးတက်မှုအတွက်ကုန်သွယ်မှုသည်အဓိကမောင်းနှင်သည့်ကဏ္ဍဖြစ်လာကြောင်း၊လွန်ခဲ့သည့်ဆယ်စုနှစ် (၂) ခုအတွင်းပို့ကုန်ဆက်စပ်အလုပ်အကိုင်များတွင် (၇၅) ရာခိုင်နှုန်းတိုးတက်လာခြင်းမှာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်း၊ယခုအချိန်တွင်ကပ်ရောဂါအလွန်ပြန်လည်ထူထောင်ရေးကာလသို့ဝင်ရောက်လာပြီဖြစ်ရာအီးယူတစ်ဝန်းရှိပြည်သူများအတွက်အလုပ်အကိုင်ဖန်တီးပေးရန်နှင့်ကုမ္ပဏီများအားကူညီပံ့ပိုးပေးနိုင်ရန်အတွက် အီးယူ၏ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက်ဈေးကွက်ဖန်တီးပေးရေးနှင့်ပို့ကုန်ဆက်လက်အားကောင်းစေရေးတို့သည်မိမိတို့၏ဉီးစားပေးဖြစ်ကြောင်း၊ယခုနှစ်အစောပိုင်းကချမှတ်ခဲ့သည့်အီးယူ၏ကုန်သွယ်ရေးမဟာဗျူဟာအသစ်တွင် ကမ္ဘာ့ကုန်သွယ်မှုဈေးကွက်များသို့အီးယူ၏ SMEs လုပ်ငန်းများဝင်ရောက်နိုင်ရေး အကူအညီပေးခြင်းနှင့် အခွင့်အလမ်းသစ်များဖွင့်လှစ်ပေးခြင်းတို့ကို အထူးအလေးပေးထားပြီး ၊ယင်းမူဝါဒသစ်ကို ဆက်လက်အကောင်အထည် ဖော်ရေးသည် အရေးပါမည်ဖြစ်ကြောင်းဥရောပကော်မရှင်၏အမှုဆောင်ဒုတိယဥက္ကဌနှင့်ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူMr.ValdisDombrovskisကပြောကြားပါသည်။

    ကမ္ဘာ့ဈေးကွက်သို့ ပို့ကုန်တင်ပို့ခြင်းဖြင့် အီးယူအတွင်း၌ အပြုသဘောဖိတ်လျှံအကျိုးသက်ရောက်မှုရှိကြောင်း ဥရောပကော်မရှင်၏အီးယူ၏ ပြည်ပပို့ကုန်တင်ပို့မှုမှ အလုပ်အကိုင်ရရှိမှုအပေါ် သက်ရောက်မှုဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြထားပါသည်။ အီးယူအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၌ ပို့ကုန်တင်ပို့မှုတိုးတက်ကောင်းမွန်ပါက အခြားအဖွဲ့ဝင်နိုင်ငံများရှိလုပ်သားများလည်း အကျိုးကျေးဇူးရရှိခံစားကြရကြောင်း၊ ကုန်ချောပစ္စည်း တစ်ခုအား ပြည်ပသို့တင်ပို့ရောင်းချသည့်အခါ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်လျှောက်ကုန်စည်နှင့်ဝန်ဆောင်မှုများကိုထောက်ပံ့ပေးသည့်လုပ်ငန်းများသည်လည်း အကျိုးအမြတ်ရရှိကြခြင်းဖြစ်သည်။

  ထို့အပြင်ကမ္ဘာ့နိုင်ငံများသို့အီးယူ၏ပို့ကုန်တင်ပို့မှုသည်အီးယူပြင်ပ၌အလုပ်အကိုင်ပေါင်း (၂၄) သန်းနီးပါးကိုအထောက်အကူပြုကြောင်း၊ယင်းအရေအတွက်မှာ၂၀၀၀ခုနှစ်ကထက် (၂) ဆကျော်ရှိကြောင်း၊ ဥပမာအားဖြင့် ကမ္ဘာ့ကုန်စည်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်မှတစ်ဆင့် အီးယူ၏ပို့ကုန်တင်ပို့မှုနှင့် ပေါင်းစပ်ဆောင်ရွက်ရမှုကြောင့် အမေရိကန်နိုင်ငံ၌အလုပ်အကိုင် (၁.၅) သန်း၊အိန္ဒိယနိုင်ငံ၌အလုပ်အကိုင် (၂.၂) သန်း၊ တူရကီနိုင်ငံ၌ အလုပ်အကိုင် (၅၃၀၀၀) ခန့်ကိုအထောက်အကူပေးလျက်ရှိကြောင်း၊အီးယူအတွင်းအမျိုးသမီးများအတွက်အလုပ်အကိုင် (၁၄) သန်းကျော်ကိုလည်းကုန်သွယ်မှုကဏ္ဍမှအထောက်အကူပြုထားကြောင်းဖော်ပြထားပါသည်။

ရင်းမြစ် -   https://trade.ec.europa.eu/doclib/press/index.cfm?id=2317

ကျော်စိန်ဝင်း၊  

စီးပွားရေးသံမှူး