Main menu

Background

အမဲသားတင်သွင်းခွင့်မပိတ်ပင်မီ ခွင့်ပြုချက်ထုတ်ပေးထားသော ဘရာဇီးလ်အမဲသားများအား တင်သွင်းခွင့်ပြုကြောင်း တရုတ်အကောက်ခွန်ဌာန သတင်းထုတ်ပြန်

Tue, 11/30/2021 - 12:22 -- journal_editor

          ဘရာဇီးလ်နိုင်ငံရှိ Minas Gerais နှင့် Mato Grosso ပြည်နယ်တို့တွင် နွားရူးရောဂါပိုးတွေ့ရှိကြောင်းအတည်ပြုခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်တွင် အမဲသားတင်သွင်းခွင့်အား တရုတ်အာဏာပိုင်များ ကပိတ်ပင်ခဲ့ရာ စက်တင်ဘာလ ၄ ရက်မတိုင်မီ ခွင့်ပြုချက်ထုတ်ပေး ထားသည့်အမဲသားများအား တင်သွင်းခွင့်ပြုကြောင်း တရုတ်တာဝန်ရှိသူများက နိုဝင်ဘာလ ၂၃ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်း ကြေညာချက်ကြောင့် အကောက်ခွန်ဌာန၏ ခွင့်ပြုချက်ရရှိထားသည့် ဘရာဇီးလ်အမဲသားတန်ချိန် ၁၀၀,၀၀၀ အား တရုတ်ဆိပ်ကမ်းတွင် ကုန်ချနိုင်တော့မည်ဖြစ်ကြောင်း ဘရာဇီးလ်နိုင်ငံ အေးခဲအသားတင်ပို့သူများအသင်း (Brazilian Association of Refrigerators - Abrafrigo)က ပြောကြားခဲ့သည်။

              တရုတ်နိုင်ငံ၏ အမဲသားတင်သွင်းခွင့်ထုတ်ပြန်ချက်သည် ဘရာဇီးလ်နိုင်ငံရှိ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းဈေးကွက်အတွက် အခြေအနေကောင်းများဖြစ်ပေါ်စေကြောင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဈေးကွက်သုတေသနပညာရှင် Caio Junqueira က ပြောကြားခဲ့သည်။ ဘရာဇီးလ်နိုင်ငံမှ တရုတ်နိုင်ငံသို့ထွက်ခွာသွားသည့် အမဲသားကွန်တိန်နာသင်္ဘောများနှင့် တင်ပို့ရန်အတွက် အအေးခန်းသိုလှောင်ရုံများအတွင်းသို့ရောက်ရှိနေသည့် အမဲသားများအတွက် တရုတ်နိုင်ငံမှ သတင်းကောင်းများအား ဘရာဇီးလ်လုပ်ငန်းရှင်များက စောင့်မျှော်လျက်ရှိကြောင်း လယ်ယာစိုက်ပျိုးရေးသတင်းဌာနနှင့် တွေ့ဆုံမေးမြန်မှုတွင် Junqueira က ပြောကြားခဲ့သည်။

              တရုတ်နိုင်ငံ၏ အသားစားသုံးမှုတိုးတက်လာမှုအခြေအနေနှင့် တရုတ်နိုင်ငံ၏လူနာနှစ်သစ်ကူး ဖေဖော်ဝါရီလရုံးပိတ်ရက်များအတွက် အသားလိုအပ်ချက်များနှင့်ပတ်သက်၍ တရုတ်တာဝန်ရှိသူများက သတင်းထုတ်ပြန် ထားကြောင်း၊ ထို့ကြောင့် အမဲသားပိတ်ပင်မှုအား ပြန်လည်ဖွင့်လှစ်မပေးမီ  နိုင်ငံတကာအသိအမှတ်ပြုထောက်ခံချက်မပါသော စက်တင်ဘာလ၄ရက် မတိုင်မီကအသားများအား စနစ်တကျတင်သွင်းခွင့်ပြုသင့်ကြောင်း Junqueira က ပြောကြားခဲ့သည်။

              တရုတ်နိုင်ငံ၏ အသားတင်သွင်းခွင့်သတင်းထုတ်ပြန်ချက်သည် ဈေးကွက်အတွင်းရှိ အသားဈေးနှုန်းများအပေါ်ရိုက်ခတ်မှုမရှိကြောင်း၊ တိရစ္ဆာန်ဝယ်ယူရရှိမှုကျဆင်းခြင်းနှင့် စက်ရုံများ၏လိုအပ်ချက်များ မြင့်တက်နေသဖြင့် မွေးမြူရေးလုပ်ငန်းရှင်များနှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br