Main menu

Background

အိန္ဒိယနိုင်ငံ၌ ပုံမှန် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်စတင်နိုင်ဖွယ်ရှိ

Tue, 11/30/2021 - 13:01 -- journal_editor

         အိန္ဒိယနိုင်ငံ၌ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပုံမှန်ပျံသန်းပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း၌ ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း အိန္ဒိယမြို့ပြလေကြောင်းဝန်ကြီးဌာနမှ အတွင်းဝန် Mr. Rajiv Bansal က ၂၄-၁၁-၂၀၂၁ နေ့တွင် ပြောကြားခဲ့သည်။ 

      ကမ္ဘာလှည့်ခရီးသွားများသို့ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခြင်းကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့ပြီးနောက် နိုင်ငံတကာ စီးပွားရေးလေကြောင်း ခရီးစဉ်များအား ပြန်လည်စီစဉ်ဆောင်ရွက်ခြင်းကိုလည်း ဆက်လက် ခွင့်ပြုပေးရန် အိန္ဒိယခရီးသွားလုပ်ငန်းကိုယ်စားလှယ်များအသင်းက ယခင်ရက်သတ္တပတ်၌ အစိုးရထံ စာရေးသားပေးပို့တောင်းဆိုခဲ့သည်။ အိန္ဒိယ မြို့ပြလေကြောင်းဝန်ကြီး Mr. Jyotiraditya Scindia ထံ လိပ်မူပေးပို့သော အဆိုပါစာတွင် အကန့်အသတ်ဖြင့်သာ ပျံသန်းပြေးဆွဲလျက်ရှိသော Air Bubble လေကြောင်းခရီးစဉ်များ၏ လက်မှတ်ခများမှာ အဆမတန်မြင့်တက်လျက်ရှိပြီး လေကြောင်းလိုင်းများကလည်း လေယာဉ်ခနှုန်းထား မြင့်မားသည့် ထိုင်ခုံနေရာများရောင်းချရရေးကိုသာ ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ထို့အပြင် နိုင်ငံတကာလေကြောင်းလိုင်းများစွာသည် အနာဂတ်နေ့ရက်များ၌ ပြေးဆွဲရန် စီစဉ်ထားရှိသော ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များ ကြိုတင်ဝယ်ယူမှုကို လက်ခံဆောင်ရွက်ခဲ့ပြီးနောက် အဆိုပါခရီးစဉ်များကို ပျံသန်းခြင်းမပြုပဲ ဖျက်သိမ်းမှု ပြုလုပ်လေ့ရှိကြကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းက ခရီးသွားလာမည့်သူများအတွက် အဆင်မပြေမှုများနှင့် ကြုံတွေ့ရစေ ကြောင်း၊ အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပနိုင်ငံများသို့ သွားရောက်မည့် အိန္ဒိယပညာသင်များအတွက် အခက်အခဲဖြစ်စေလျက်ရှိကြောင်း ဖော်ပြပါသည်။

       လက်ရှိကာလတွင် အိန္ဒိယနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ပြေးဆွဲလုပ်ကိုင်မှုမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ မတိုင်မီကာလ၌ လုပ်ဆောင်နိုင်မှု၏ ၄၀ မှ ၄၅ ရာခိုင်နှုန်းခန့်သာရှိသည်။ ၂၀၁၉ ခုနှစ် ဆောင်းရာသီ၌ နေ့စဉ် နိုင်ငံတကာ လေကြောင်း ခရီးစဉ်ပေါင်း ၁၂၀၀ ခန့်ရှိခဲ့သော်လည်း ယခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် ပြည်ပလေကြောင်း ခရီးစဉ် ၄၉၅ ခုသာရှိကြောင်း တွေ့ရှိရသည်။ အလားတူ ထိုစဉ်က အိန္ဒိယနိုင်ငံနှင့် တိုက်ရိုက်ချိတ်ဆက်လျက် ခရီးစဉ်ပြေးဆွဲသည့် နိုင်ငံပေါင်း ၆၀ ရှိရာမှ ယခုအခါ Air Bubble သဘောတူညီချက် လက်မှတ်ရေးထိုးဆောင်ရွက်သည့် နိုင်ငံ ၃၁ ခုထံသို့သာ အသွား/အပြန် လေကြောင်းခရီးစဉ်များပျံသန်းခြင်း ဖြစ်သည်။

      မြို့ပြလေကြောင်းဝန်ကြီး Mr. Jyotiraditya Scindia က အိန္ဒိယအစိုးရသည် နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲမှုကို ခွင့်ပြုနိုင်ရေးအတွက် ဆန်းစစ်အကဲဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် လိုလားမှုရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသစ်တစ်ဖန် ကူးစက်မှု ရှိလာနိုင်မည့်အရေးမှ ကာကွယ်ရန်အတွက် လိုအပ်သော စီမံ ဆောင်ရွက်မှုများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယခုအခါ ပြည်တွင်းလေကြောင်းခရီးစဉ်များ၌ ခရီးသည်တင်ဆောင်နိုင်မှု စွမ်းဆောင်ရည် အပြည့်အဝဖြင့် လုပ်ကိုင်ခွင့်ပြုထားပြီဖြစ်ကြောင်း၊ မကြာသေးမီကပင် ပြည်တွင်း၌ ပျံသန်းသည့် လေယာဉ်ခရီးစဉ်များတွင် အစားအစာဖြင့် တည်ခင်းဝန်ဆောင်မှုကို ဆောင်ရွက်ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း၊ အိန္ဒိယ၏ လေကြောင်းပို့ဆောင်မှုကဏ္ဍ တိုးတက်ရေးကို စီမံဆောင်ရွက်လျက်ရှိရာ လက်ရှိလေဆိပ်ပေါင်း ၁၃၆ ခုမှ ၂၂၀ ခုသို့ တိုးချဲ့လုပ်ကိုင်ရန် ရည်မှန်းထားကြောင်း၊ ၎င်းတို့အနေဖြင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဘေးကင်းလုံခြုံ စိတ်ချရမှုရှိသည့် ပတ်ဝန်းကျင်ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် အိန္ဒိယစက်မှု လုပ်ငန်းရှင်များအသင်းချုပ် (CII) က ၁၈-၁၁-၂၀၂၁ နေ့၌ ကျင်းပခဲ့သော Global Economic Policy Summit တွင် ပြောကြားခဲ့သည်။

Source:         1. Regular international flights to resume by 2021-end, 24-11-2021, Hindustan Times

                   2. Normal international flights by year-end, says Civil Aviation Secretary, 25-11-2021, Business Standard

                   3. International Flights for India to Return To Normal by End-Dec, 24-11-2021, NDTV

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့