Main menu

Background

ASEAN-Korea Startup Weekအစီအစဉ်တွင်မြန်မာနိုင်ငံ၏ထွန်းသစ်စStartupကုမ္ပဏီများကနှစ်နှစ်ဆက်တိုက် ဆုများဆွတ်ခူးရရှိခဲ့

Thu, 12/02/2021 - 12:42 -- journal_editor

         2021 ASEAN-Korea Startup Week အစီအစဉ်ကိုကိုရီးယားသမ္မတနိုင်ငံ၊ဆိုးလ်မြို့၌ အခြေပြု၍ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ (၂၉) ရက်မှ ဒီဇင်ဘာလ (၁) ရက်အထိ (Online+ Offline) Hybrid Formatစနစ်ဖြင့်ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်ကို ASEAN-Korea Centre (AKC)နှင့် Gyeonggi Center for Creative Economy & Innovation (GCCEI) တို့မှပူးတွဲကြီးမှူး၍ ASEAN Secretariat (ASEC)၊ ASEAN Coordinating Committee on Micro, Small & Medium Enterprises (ACCMSME)၊ Gyeonggi Center for Creative Economy & Innovation (GCCEI)၊Ministry of SMEs & Startups of ROK(MSS)တို့၏ပံ့ပိုးမှု၊ဆိုးလ်မြို့ရှိ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏သံရုံးများ  (ASEAN Embassies in Seoul -AES)၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊အာဆီယံ(၁၀)နိုင်ငံမှ E-trade E-CommerceE-tourismArtificial Intelligence (AI)၊ လယ်ယာစိုက်ပျိုးရေး၊ ဘဏ္ဍာရေးနှင့် ပညာရေး ကဏ္ဍအသီးသီးမှ အဆိုပြု Startupကုမ္ပဏီ (၂၉) ခုတို့ပါဝင်ခဲ့ကြသည့် အနက် မြန်မာနိုင်ငံမှ ကုမ္ပဏီ(၈)ခုပါဝင်ခဲ့ကာ၊ Startup Online Challengeကို အဆင့်ဆင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများနှင့်လည်း Business Matchingများ ကို ဆောင်ရွက်ခဲ့ကြပါသည်။

      ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား Award Ceremonyကို(၁-၁၂-၂၀၂၁) ရက်၊ ကိုရီးယားစံတော်ချိန်(၁၄:၀၀) နာရီမှ (၁၄:၃၀) နာရီအထိတွင် ဆိုးလ်မြို့၊ Mapo-Guရှိ DSM Art Hall၌ကျင်းပပြုလုပ်ခဲ့ရာ AKC၏အတွင်းရေးမှူးချုပ် H.E. Mr. Kim Hae-yong၊ AKC(Trade & Investment Unit)မှတာဝန်ရှိသူများ၊ ဆိုးလ်မြို့ရှိ အာဆီယံသံရုံးအသီးသီးတို့မှ စီးပွားရေးသံမှူးများ တက်ရောက်ခဲ့ကြပါသည်။ နောက်ဆုံးအဆင့် အာဆီယံ Startupကုမ္ပဏီ(၂၁)ခု ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော Online Challengeပြိုင်ပွဲ၌ ကုမ္ပဏီများ၏ တင်ပြမှုပေါ်တွင် သက်ဆိုင်ရာ အကဲဖြတ်ဘုတ်အဖွဲ့မှ စနစ်တကျစိစစ်အကဲဖြတ်၍ ပထမဆု(အမေရိကန်ဒေါ်လာ ၃၀,၀၀၀) (၁)ဉီး၊ ဒုတိယဆု (အမေရိကန်ဒေါ်လာ ၁၀,၀၀၀) (၁)ဉီးနှင့် တတိယဆု (အမေရိကန်ဒေါ်လာ ၅,၀၀၀ စီ) (၂) ဉီး၊ စုစုပေါင်း(၄)ဉီးကို ရွေးချယ်ချီးမြှင့်ခဲ့ရာ၊ မြန်မာနိုင်ငံမှ RecyGlo Co., Ltd. က “Making the World A Cleaner Placeခေါင်းစဉ်ဖြင့် ၎င်းတို့ကုမ္ပဏီ၏ SolidWaste Management & Data Analytics Platform၏ Business Modelနှင့်Business Ideaများအား မိတ်ဆက်တင်ပြယှဉ်ပြိုင်၍ တတိယဆု (အမေရိကန်ဒေါ်လာ ၅၀၀၀)ကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါသည်။

     အဆိုပါ Award Ceremonyသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီးပွား‌ရေးသံမှူး တက်ရောက်၍ တတိယဆုရရှိသူကိုယ်စား ဆုပိုစတာကို လက်ခံရယူပေးခဲ့ကာ၊ဆုကြေးငွေအား AKCမှ သက်ဆိုင်ရာ ဆုရရှိသူများထံသို့ တိုက်ရိုက်ပေးပို့ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ AKCတာဝန်ရှိသူထံမှ သိရှိရပါသည်။ ပထမဆုကို ကမ္ဘောဒီးယားနိုင်ငံမှ Jalat Logisticsမှလည်းကောင်း၊ ဒုတိယဆုကို ထိုင်းနိုင်ငံမှ Eatlab ကလည်းကောင်း၊ ပူးတွဲ တတိယဆုကို စင်ကာပူနိုင်ငံမှ Trabble က လည်းကောင်း အသီးသီး ရရှိခဲ့ကြပါသည်။   

       မြန်မာနိုင်ငံ၏ ထွန်းသစ်စ Startup ကုမ္ပဏီများသည် 2021 ASEAN-Korea Startup Week အစီအစဉ်တွင်ပါဝင်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင်များနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ICT အခြေပြု တက်သစ်စ လုပ်ငန်းရှင်များအကြား လက်ရှိဖြစ်ပေါ်နေသော နည်းပညာ ဆိုင်ရာ သတင်းအချက်အလက်များကို ဖလှယ်နိုင်ခြင်း၊ ကိုရီးယားသမ္မတနိုင်ငံ၏ အတွေ့အကြုံများကို လေ့လာနိုင်ခြင်း၊ တောင်ကိုရီးယားရင်းနှီးမြှုပ်နှံသူများ နှင့် တိုက်ရိုက်ချိတ်ဆက် နိုင်ခြင်းဖြင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများရရှိကာ အပြန်အလှန်လုပ်ငန်းများ တိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိခဲ့ကြပါသည်။

         ဤအစီအစဉ်တွင် အာဆီယံနိုင်ငံများအကြား မြန်မာနိုင်ငံက(၂)နှစ်ဆက်တိုက် ဆုရရှိခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင် Village Link Co., Ltd. က “ပထမဆု” ရရှိခဲ့ကာ၊ယခု ၂၀၂၁ ခုနစ်တွင် RecyGloCo., Ltd. က“တတိယဆု”ကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ ယခုနှစ်တွင်လည်း 2021 ASEAN-Korea Startup Week အစီအစဉ်သို့ မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်သည့် အဆိုပြုကုမ္ပဏီအများဆုံးဖြစ်ခဲ့၍ လိုအပ်သကဲ့သို့ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြပါသော မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် သက်ဆိုင်ရာဝန်ကြီးဌာန များက တာဝန်ရှိသူများကို AKC ကကျေးဇူးတင်ရှိပါကြောင်း AKC၏အတွင်းရေးမှူးချုပ်က မြန်မာသံရုံး၊ ဆိုးလ်မြို့၏ စီးပွားရေးသံမှူးသို့ သီးခြားဆွေးနွေးပြောကြားခဲ့ပါသည်။ အာဆီယံဒေသရှိ ထွန်းသစ်စ Startup လုပ်ငန်းများအား မြှင့်တင်ပေးသည့် အရှေ့တောင်အာရှဒေသရှိ Startup Unicorn များကိုမွေးထုတ်ပေးရာ ဤASEAN-Korea Startup Weekအစီအစဉ်တွင် မြန်မာနိုင်ငံမှ (၂)နှစ် ဆက်တိုက် ဆုရရှိခဲ့ပါသည်။

 ဝင်းပပသူ၊          

စီးပွားရေးသံမှူး     

(မြန်မာသံရုံး၊ ဆိုးလ်မြို့)