Main menu

Background

အိန္ဒိယနိုင်ငံ၏ အီသနောတိုးတက်ထုတ်လုပ်မှုကြောင့် ကမ္ဘာ့သကြားဈေးကွက်သို့ သကြားဝင်ရောက်မှု သိသိသာသာကျဆင်း

Mon, 12/06/2021 - 12:56 -- journal_editor

    အိန္ဒိယနိုင်ငံ၏ ကြံမှအီသနောတိုးတက်ထုတ်လုပ်ခြင်းနှင့် ဘရာဇီးလ်နိုင်ငံ၏ သကြားထုတ် လုပ်မှုကျဆင်းလျက်ရှိခြင်းတို့ကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံရာသီချိန်တွင် ကမ္ဘာ့ဈေးကွက်သို့ သကြားဝင်ရောက်မှု အလွန်အမင်း ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် ယခုနှစ် ကမ္ဘာ့သကြား ဈေးကွက်တွင် သကြား တန်ချိန် ၁ဒသမ၈ သန်းအထိ ပိုလျှံဝယ်လိုအား ဖြစ်ပေါ်နိုင်ကြောင်း အထွေထွေ အကျိုးဆောင်ကုမ္ပဏီ StoneX က ဒီဇင်ဘာလ ၂ ရက်တွင် ပြောကြား ခဲ့သည်။

     ယခုနှစ်အတွက်    ကမ္ဘာ့သကြားထုတ်လုပ်မှုအား သကြားတန်ချိန် ၁၈၆.၆ သန်းခန့်ရှိရန် ခန့်မှန်းထားပြီး တစ်ကမ္ဘာ့လုံးအတိုင်းအတာဖြင့် သကြားလိုအပ်ချက်သည် တန်ချိန် ၁၈၈ဒသမ၄ သန်း ရှိကြောင်း၊ ပင်လယ်ရေကြောင်း ပို့ဆောင်ခများ ပြန်လည်ကျဆင်းလာသည်နှင့်အမျှ သကြားဝယ်လို အားများ တိုးတက်လာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် သကြားအများအပြားဝယ်ယူတင်သွင်းသည့် အာရှနိုင်ငံနိုင်ငံများ၏ ဝယ်ယူတင်သွင်းမှုများ ပြန်လည်တိုးတက် ကောင်းမွန်လာနိုင်ကြောင်း StoneX ကပြောကြားခဲ့သည်။

     ဧပြီလတွင်စတင်မည့် ဘရာဇီးလ်နိုင်ငံ၏ကြံစိုက်ပျိုးထုတ်လုပ်မှုသည် ပုံမှန်ထွက်ရှိသည့် ပမာဏထက် ၆ ရာခိုင်နှုန်း ပိုမိုတိုးတက်နိုင်ပြီး ကြံတန်ချိန် ၅၆၅ဒသမ၃ သန်းအထိ ထွက်ရှိနိုင်ကြောင်း၊ ဗြိတိန်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကြံစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၁-၂၀၂၂ ခုနှစ်ရာသီ(အောက်တိုဘာလမှ စက်တင်ဘာလအထိ)တွင် ကြံတန်ချိန် ၁၇ဒသမ၂ သန်းဝန်းကျင်အထိ ထွက်ရှိနိုင်ကြောင်း အကျိုးဆောင်ကုမ္ပဏီက ပြောကြားခဲ့သည်။

          အိန္ဒိယနိုင်ငံရှိ သကြားစက်များသည် အရှိန်အဟုန်မြှင့်တင်လျက် သကြားများကြိတ်ခွဲ ထုတ်လုပ်လျက်ရှိပြီး ၂၀၂၁-၂၀၂၂ ခုနှစ်ရာသီချိန်တွင် သကြားတန်ချိန် ၄.၇၂ သန်းအား ထုတ်လုပ်ခဲ့ပြီး ယခင်နှစ် ထုတ်လုပ်မှုထက် ၁၀ ရာခိုင်နှုန်း တိုးတက်လျက်ရှိကြောင်း ပို့ကုန်သွင်းကုန်အကျိုးဆောင် ကုမ္ပဏီက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့သကြားထုတ်လုပ် တင်ပို့သည့် နိုင်ငံများစာရင်းတွင် ဒုတိယအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ သကြားတင်ပို့မူသည် ကမ္ဘာ့သကြားဈေးကွက် ဖြစ်ပေါ်မှုအပေါ်များစွာ အကျိုးသက်ရောက်မှု ရှိကြောင်း၊  သကြားတန်ချိန် ၃ဒသမ၅ သန်းအား ပြည်ပနိုင်ငံများသို့တင်ပို့သွားရန် စာချုပ်များချုပ်ဆို ထားပြီးဖြစ်ကြောင်း အိန္ဒိယနိုင်ငံသကြားစက် လုပ်ငန်းရှင်များအသင်း(Indian Sugar Mills Association - ISMA) က သတင်းထုတ်ပြန်ခဲ့သည်။

(ထွန်းအောင်ဇော်)

 စီးပွားရေးသံမှူး

သတင်းရင်းမြစ် - Reuters