Main menu

Background

လက်တင်အမေရိကဒေသထံမှဆန်ဝယ်ယူရန်အမှာစာများအား ပထမဆုံးအကြိမ်အဖြစ်အိန္ဒိယကုန်သည်များ လက်ခံရရှိ

Mon, 12/06/2021 - 13:28 -- journal_editor

           အိန္ဒိယနိုင်ငံရှိ ဆန်တင်ပို့သူလုပ်ငန်းရှင်များ အနေဖြင့် လက်တင်အမေရိက ဈေးကွက်သို့ ဘာစမာတီဆန်များကို ပထမဦးဆုံးအကြိမ်အဖြစ် ယခုနှစ်ဒီဇင်ဘာလမှ စတင်၍ တင်ပို့နိုင်တော့ မည်ဖြစ်ကြောင်း သိရှိရသည်။

          အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA) မှအမှုဆောင်ဒါရိုက်တာ Mr.Vinod Kaulက လက်တင်အမေရိကဒေသရှိ နိုင်ငံများသည်ဆန်ကို ယခင်က အမေရိကန်နိုင်ငံမှသာ ဝယ်ယူတင်သွင်းခဲ့သော်လည်း ယခုအခါအိန္ဒိယနိုင်ငံသို့ ဦးလှည့်၍ အမှာစာများ ပေးပို့လာကြ ကြောင်း ပြောဆိုပါသည်။

          ယခုကဲ့သို့ ဈေးကွက်အသစ်ရရှိလာမှုသည် ငွေပေးချေမှုဆိုင်ရာ အခက်အခဲပြဿနာများ ကြောင့်အဓိကဆန်တင်ပို့ရာ အီရန်နိုင်ငံ၌ ဈေးကွက်ပျောက်ဆုံးမှုနှင့် ရင်ဆိုင်နေရသော အိန္ဒိယ ကုန်သည်များအတွက် သက်သာမှုရရှိစေမည်ဖြစ်သည်။ နှစ်ကာလများစွာကပင် ဘာစမာတီ ဆန်များအား တင်ပို့လျက်ရှိခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ အီရန်နိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုက ငွေပေးချေမှုစနစ်ကို ပျက်ယွင်းမှုဖြစ်ပေါ်စေပြီး အိန္ဒိယကုန်သည်များအနေဖြင့် အီရန်ရှိ၎င်းတို့၏ ကုန်သွယ်ဘက်များထံမှ ကုန်ဖိုးငွေရရှိရန် ကြန့်ကြာမှုများ ကြုံတွေ့ရလျက် ရှိသည်။

          အီရန်နိုင်ငံနှင့်ကုန်သွယ်ရာတွင် အိန္ဒိယရှိ ရေနံချက်လုပ်သည့် ကုမ္ပဏီများသည်ရေနံစိမ်း များ ဝယ်ယူတင်သွင်းမှုအတွက်ကုန်ဖိုးငွေများကိုUCO Bank ၌ ဖွင့်လှစ်ထားသည့်အီရန်နိုင်ငံ၏ ရူပီးငွေစာရင်းသို့ပေးသွင်းထားရှိပြီး အိန္ဒိယ၏ ပို့ကုန်များအတွက် ၎င်းငွေစာရင်းမှ ပြန်လည် ခုနှိမ်ပေးချေခြင်းဖြစ်ပါသည်။ သို့ရာတွင် အီရန်နိုင်ငံအပေါ် အရေးယူ ကန့်သတ်မှုအား အမေရိကန်နိုင်ငံက ဖြေလျော့ပေးထားသည့် ကာလကုန်ဆုံးချိန် ၂၀၁၉ ခုနှစ် မေလမှ စတင်၍ အီရန်နိုင်ငံထံမှ ရေနံများအား ရူပီးငွေဖြင့် ဝယ်ယူခြင်းကို အိန္ဒိယအစိုးရက ရပ်ဆိုင်းခဲ့သည်။ ထို့နောက်ပိုင်း အိန္ဒိယဘဏ်များ၌ အပ်နှံထားသည့် အီရန်နိုင်ငံ၏ အရန်ရူပီးငွေလက်ကျန် ပမာဏမှာ တဖြည်းဖြည်းနည်းပါး လာခဲ့ခြင်းဖြစ်သည်။

          သို့ဖြစ်ရာ ယခင်ကပြည်တွင်း၌ ဆန်စပါးရိတ်သိမ်း ထွက်ပေါ်ချိန်တွင် ပြည်ပမှ တင်သွင်းမှုကို တားမြစ်ထားလေ့ရှိသည့် ရာသီအလိုက် ကန့်သတ်ချက်အား အီရန်အစိုးရက ပယ်ဖျက်ပေးခဲ့သည်။ အိန္ဒိယရှိ Kohinoor Foods စားသောက်ကုန် လုပ်ငန်းမှ တွဲဖက်အုပ်ချုပ်မှုဒါရိုက်တာ Mr. Gurnam Aroraက အီရန်နိုင်ငံသည် ဆန်တင်သွင်းရန် တင်ဒါ ခေါ်ယူမှုကို မကြာသေးမီက ဆောင်ရွက်ခဲ့ကြောင်း၊ အိန္ဒိယဆန်ကုန်သည်အချို့သည် အီရန်သို့ ဆန်တန်ချိန် ၁၀၀ ခန့်တင်ပို့ခဲ့သည်ဟုကြားသိရကြောင်း ပြောဆိုပါသည်။ AIREA မှ Mr. Vinod Kaul ကအိန္ဒိယကုန်သည်များသည် အီရန်နိုင်ငံနှင့် ကုန်သွယ်ရာ၌ ငွေပေးချေမှု အကျပ်အတည်း အား ကျော်လွှားနိုင်မည့် အခြေအနေကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ အီရန်ရှိ ကုန်သွယ်ဘက် များထံမှ ကုန်ဖိုးငွေအချို့ လက်ခံရရှိမှုရှိသော်လည်း ကုန်သည်အများစုမှာ ကုန်တန်ဖိုး အပြည့်အဝ ပြန်လည်လက်ခံရရှိခြင်း မရှိသေးကြောင်း ပြောကြားပါသည်။

          အိန္ဒိယနိုင်ငံ၌ ယခုနှစ် မိုးနှောင်းကာလ မိုးသည်းထန်မှုများကြောင့် စိုက်ပျိုးထားရှိဆဲ စပါးခင်းများ ထိခိုက်မှုဖြစ်ပေါ်ခဲ့ရာ အရည်အသွေးမြင့် ဘာစမာတီဆန် ထွက်ရှိနိုင်မှုမှာ ယခင်နှစ်ထုတ်လုပ်မှုနှင့်နှိုင်းယှဉ်ပါက ၁၅ရာခိုင်နှုန်း မှ ၂၀ရာခိုင်နှုန်း အထိကျဆင်းဖွယ်ရှိပြီး ဈေးနှုန်းများသည် လည်း ၂၀ရာခိုင်နှုန်း မှ ၄၀ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့ကြောင်း၊ AIREAကုန်သည်အသင်းက ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း ဘာစမာတီဆန်ပြည်ပသို့တင်ပို့မှုမှာ ယခင်နှစ်တင်ပို့မှုတန်ချိန် ၄ဒသမ၆ သန်း အောက် ၂၀ရာခိုင်နှုန်း ခန့်လျော့ကျမည်ဟု ခန့်မှန်းလျက်ရှိကြောင်းဖြင့် အိန္ဒိယ Economic Times သတင်းဌာနက ဖော်ပြထားပါသည်။

Source:         Latin America opens doors to Indian basmati rice for first time ever, 30-11-2021, Economic Times

(နေအေးလွင်)     

စီးပွားရေးသံမှူး     

မြန်မာသံရုံး၊ နယူးဒေလီမြို့