Main menu

Background

အိန္ဒိယနိုင်ငံတွင် မိုးပိုမိုရွာသွန်းမှုများကြောင့် ပဲစင်းငုံအထွက်နှုန်း လျော့ကျဖွယ်ရှိ

Mon, 12/06/2021 - 13:39 -- journal_editor

      အိန္ဒိယနိုင်ငံတွင် ၂၀၂၁-၂၂ ခုနှစ် သီးနှံရာသီကာလအတွင်း မိုးရွာသွန်းမှု အားကောင်းသည့် အပြင်မိုးလွန်ကာလ၌ပါ ရွာသွန်းမှုကြောင့် ကာနာတကာပြည်နယ်တွင် စိုက်ခင်းများ၏ ၅ ပုံ ၁ ခန့်ထိခိုက်ခဲ့ပြီး အန္တရာပရာဒေ့ရှ်၊ မဟာရဋ္ဌနှင့် ဂူဂျရတ်စသည့် ပြည်နယ်များတွင်လည်း မိုးပိုမိုရွာသွန်းမှုရှိသဖြင့် ယခုနှစ်ပဲစင်းငုံအထွက်နှုန်းမှာ လျော့ကျဖွယ်ရှိ ကြောင်း ကုန်သည်အသိုင်းအဝိုင်း ကပြောဆိုလျက်ရှိသည်။

     ဌာနဆိုင်ရာ သတင်းအရင်းအမြစ်များအရ ကာနာတကာပြည်နယ်၌ ယခုနှစ်တွင် ပဲစင်းငုံ ဧရိယာ ဟက်တာ ၁၄ဒသမ၅၅ သိန်း စိုက်ပျိုးထားရှိရာ အဓိကခရိုင်များဖြစ်သော Kalaburgi နှင့် Bidarဒေသများ၌ မိုးပိုမိုရွာသွန်းမှုများကြောင့် ဟက်တာ ၂ဒသမ၉၁ သိန်းခန့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ ကြောင်း၊ နေရာဒေသအချို့တွင် အပင်ငယ်ရွယ်စဉ်အချိန်၌ ရေနစ်မြုပ်မှုကြောင့် ပျက်စီးမှု ဖြစ်ပေါ်သကဲ့သို့ မကြာသေးမီကရွာသွန်းသည့် မိုးများကြောင့် နောက်ကျစိုက်ပျိုးသည့် သီးနှံစိုက်ခင်းများမှာ အပွင့်ပွင့်ချိန်နှင့် အစေ့အိမ်တည်ချိန်တို့တွင် ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ယခုနှစ်၌ ပြည်နယ်အတွင်းရှိ တောင်သူများသည် ပဲစင်းငုံစိုက်ဧရိယာလျာထားချက် ဟက်တာ ၁၄ဒသမ၃ သိန်းကို ကျော်လွန်လျက် စိုက်ပျိုးနိုင်ခဲ့သော်လည်း Bagalkot, Koppal နှင့် Chikkaballapur ခရိုင်များတွင်စိုက်ခင်းများ၏ ၃၃ရာခိုင်နှုန်း မှ ၅၅ရာခိုင်နှုန်း အထိ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ ကြောင်းဖြင့် HinduBusinessLine သတင်းဌာနက ဖော်ပြပါသည်။

          Kalaburgiခရိုင်ရှိကာနာတကာ ပရာဒေ့ရှ်ပဲစင်းငုံစိုက်ပျိုးသူများအသင်းမှ ဥက္ကဋ္ဌဖြစ်သူ Mr. Basavaraj Inginက ယခုနှစ်သည် ပဲစင်းငုံစိုက်ပျိုးသူများအတွက် အောင်မြင်မှု မရသော ကာလပင်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေမှာ အလွန်အမင်းဆိုးရွားပြီး ၎င်းတို့အနေဖြင့် မည်သို့ မျှ သီးနှံရိတ်သိမ်းရရှိနိုင်မည် မဟုတ်ကြောင်း၊ တောင်သူများအတွက် သည်းခံနိုင်ဖွယ်မရှိသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။

          သို့ဖြစ်ရာ ကာနာတကာပြည်နယ်၏ ယခုနှစ် ပဲစင်းငုံထွက်ရှိနိုင်မှုမှာ မျှော်မှန်းထားသည့် ပမာဏကို ရရှိနိုင်မှု မရှိသကဲ့သို့ တစ်နိုင်ငံလုံး၏ ပဲစင်းငုံထွက်ရှိမှုကိုလည်း လျော့ကျစေဖွယ်ရှိပါ သည်။ အစိုးရ၏စာရင်းများအရ ၂၀၂၁-၂၂ သီးနှံစိုက်ပျိုးရေးနှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ ပဲစင်းငုံ စိုက်ပျိုးထားရှိမှုမှာ ဧရိယာဟက်တာ ၄၉ဒသမ၈၃ သိန်းရှိပြီး ယခင်နှစ်ထက် ဟက်တာ ၁ဒသမ၈၅ သိန်း ခန့် ပိုမိုခဲ့ကြောင်း၊ အခြားသော ပဲစင်းငုံအဓိကစိုက်ပျိုးသည့် ပြည်နယ်များမှာ မဟာရဋ္ဌပြည်နယ် နှင့် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တို့ဖြစ်ပြီး ဧရိယာဟက်တာ ၁၃ဒသမ၂၃ သိန်းနှင့် ၄ဒသမ၂၅ သိန်း အသီးသီး စိုက်ပျိုးထားကြောင်း သိရှိရသည်။

          Kalaburgiဒေသရှိပဲခွဲစက်နှင့်ပဲရောင်းဝယ်ရေးလုပ်ငန်းရှင် Mr. Santosh Langarက ယခုနှစ် ကာနာတကာပြည်နယ်၏ ပဲစင်းငုံထုတ်လုပ်မှုမှာ ၄၀ရာခိုင်နှုန်း အထိ လျော့ကျနိုင်ကြောင်း၊ အချို့သောဒေသများတွင် ဒီဇင်ဘာလလယ်ပိုင်း၌ ရိတ်သိမ်းမှုလုပ်ငန်း စတင်ဆောင်ရွက်တော့ မည်ဖြစ်သော်လည်း ပွဲတော်ရာသီကာလအတွင်း ဝယ်လိုအားနည်းပါးခဲ့မှုနှင့် ပြည်ပမှ ဆက်လက် တင်သွင်းခွင့် ရရှိနေမှုတို့ကြောင့် ပဲစင်းငုံဈေးနှုန်းများမှာ အကျဘက်၌ တည်ငြိမ် လျက်ရှိကြောင်း ပြောကြားပါသည်။

          Ahmedabadမြို့အခြေစိုက်Prakash Agro Millsပဲခွဲစက်လုပ်ငန်းမှအုပ်ချုပ်မှုဒါရိုက်တာ Mr. Punit Bachawatကမူ ရာသီဥတုပြောင်းလဲလာသည့်ဖြစ်စဉ်က ယခုနှစ် ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုအပေါ် ကြီးမားစွာ သက်ရောက်မှုဖြစ်စေခဲ့ကြောင်း၊ မဟာရဋ္ဌနှင့် ဂူဂျရတ် ပြည်နယ် များတွင်လည်း ပဲစင်းငုံစိုက်ခင်းများမှာ ၁၀ရာခိုင်နှုန်း မှ ၁၅ရာခိုင်နှုန်း အထိထိခိုက်မှုရှိခဲ့ကြောင်း၊ ကာနာတကာ နှင့်အန္တရာပရာဒေ့ရှ်ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှုများ အပါအဝင်တစ်နိုင်ငံလုံး ပဲစင်းငုံထွက်ရှိမှု မှာ ၂၀ရာခိုင်နှုန်း ခန့် လျော့ကျဖွယ်ရှိကြောင်း၊ ကုန်သည်များထံမှ တုန့်ပြန်ချက်များအရ ယခုနှစ် ပဲစင်းငုံ တန်ချိန် ၂ဒသမ၉ သန်းခန့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ လက်ရှိကာလ၌ ကာနာတကာနှင့် အန္တရာပရာဒေ့ရှ်ပြည်နယ်တို့တွင် မိုးဆက်လက်ရွာသွန်းမှုရှိနေဆဲဖြစ်ကြောင်း ပြောဆိုပါသည်။

          အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၁-၂၂ သီးနှံစိုက်ပျိုးရေးနှစ်အတွက်ပထမအကြိမ် မိုးသီးနှံအထွက်ပမာဏ ကြိုတင်ခန့်မှန်းချက်အား ၂၁-၉-၂၀၂၁ နေ့၌ ထုတ်ပြန်ခဲ့ရာတွင် ယခင်နှစ်ထွက်ရှိခဲ့သော ပမာဏထက် တန်ချိန် သုည ဒသမ ၁၅သန်းပိုမိုလျက် ပဲစင်းငုံတန်ချိန် ၄ဒသမ၄၃ သန်း အထိ ထွက်ရှိရန် ခန့်မှန်းထားသည်။ သို့ရာတွင်မိုးနှောင်းကာလနောက်ပိုင်း နိုင်ငံတစ်ဝန်း စိုက်ခင်းများ ထိခိုက်ပျက်စီးမှုကြောင့်ပဲစင်းငုံအထွက်လျော့နည်းပြီး ဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်းရန်အတွက်ပြည်ပမှဝယ်ယူတင်သွင်းမှုကိုတိုးမြှင့်ဆောင်ရွက်ရဖွယ်ရှိပါသည်။

Source:         Tur output set to shrink as excess rains hit crop in major States, 26-11-2021, The Hindu Business Line

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့