Main menu

Background

ကိုဗစ်-၁၉ ကာကွယ်ဆေးတင်ပို့မှုတွင် ဥရောပ၏ဗဟိုချက်အဖြစ် အရေးပါနေသည့် ဘရပ်ဆဲလ်လေဆိပ်

Mon, 12/06/2021 - 14:32 -- journal_editor

          ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်လေဆိပ်သည် အမေရိကန်၊ ဂျပန်နိုင်ငံတို့အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း (၆၀) ကျော်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများပို့ဆောင်သည့် နေ့စဉ်လေကြောင်းပျံသန်းမှုများဖြင့် ကာကွယ်ဆေးများ တင်ပို့မှုတွင် ဥရောပ၏ အရေးအကြီးဆုံးဗဟိုချက် အဖြစ်ဆောင်ရွက်နေပါသည်။

        ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပထမဉီးဆုံး အဖြစ် လေကြောင်းမှပို့ဆောင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ကာကွယ်ဆေး (၇၅၀) သန်းကျော်ကို ပို့ဆောင်ပြီးဖြစ်ကြောင်း ဘရပ်ဆဲလ် လေဆိပ်၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

       ဘရပ်ဆဲလ်လေဆိပ်သည် ဆေးဝါးထုတ်ကုန်များသယ်ယူပို့ဆောင်မှုကို (၁၀)နှစ်ကျော်ကြာ အထူးပြုဆောင်ရွက်ခဲ့ကြောင်း၊ လေဆိပ်တွင် (၃၅၀၀၀) စတုရန်းမီတာကျော်ရှိသော အပူချိန်ထိန်းချုပ်သည့် သိုလှောင်ရုံများရှိပြီး၊ ဥရောပတွင် ဧရိယာအားဖြင့် အကြီးဆုံးဖြစ်ကာ အထူးသဖြင့် ဆေးဝါးထုတ်ကုန်များသိုလှောင်နိုင်ကြောင်း၊ ယင်းအချက်ကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကဲ့သို့သော အပူချိန်ထိန်းချုပ်ရန်လိုသည့် ဆေးများပို့ဆောင်ရာတွင် လွယ်ကူ စေခြင်းဖြစ်ကြောင်း သိရပါသည်။

        ထို့အပြင် ဘရပ်ဆဲလ်လေဆိပ်၌ သိုလှောင်ရုံနှင့်လေယာဉ်တို့အကြား သယ်ယူပို့ဆောင်စဉ်တွင် ဆေးဝါးထုတ်ကုန်များကို မှန်ကန်သည့်အပူချိန်၌ ထိန်းညှိဆောင်ရွက်ပေးသော အထူးပြု သယ်ယူပို့ဆောင်ရေးယာဉ်များ (Airside Pharma Transporters) နှင့် ဆေးဝါးဆိုင်ရာ အသိအမှတ်ပြုကုမ္ပဏီများလည်း အများအပြားရှိသည်ဟုဆိုသည်။

         ကာကွယ်ဆေးသယ်ယူပို့ဆောင်မှုအတွက် အဓိကအရေးပါသည့် လေကြောင်းလိုင်းများမှာ DHL Express၊ United Airlines၊ All Nippon Airways၊ Japan Airlines၊ TUI fly၊ Singapore Airlines၊ TAP၊ Iberia၊ Lufthansa cargo၊ Emirates၊ Virgin Atlantic နှင့် Qatar Airways တို့ ဖြစ်ကြောင်း၊ ပို့ဆောင်ပေးသည့် ကာကွယ်ဆေးများမှာ Pfizer-BioNTech၊  Moderna၊ AstraZeneca နှင့် Johnson & Johnson တို့ဖြစ်ကြောင်း၊ ဘရပ်ဆဲလ်လေဆိပ်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVAX အစီအစဉ်အောက်မှ အီးယူအဖွဲ့ဝင်နိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများသို့ လှူဒါန်းသည့် ကာကွယ်ဆေးများကို သယ်ယူပို့ဆောင်သည့်လေကြောင်းများကိုလည်း ကိုင်တွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ရင်းမြစ် -   https://www.brusselstimes.com/belgium-all-news/195784/brussels-airport-most-important-european-hub-for-vaccines

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)