Main menu

Background

စိန်ခေါ်မှုများရှိနေသော်လည်း အလားအလာကောင်းမွန်ရန် မျှော်လင့်ထားသည့် ဘယ်လ်ဂျီယံနိုင်ငံ၏စားသောက်ကုန်လုပ်ငန်းကဏ္ဍ

Mon, 12/06/2021 - 14:37 -- journal_editor

      ပြီးခဲ့သည့်(၂) နှစ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍသည် အခြားစီးပွားရေးကဏ္ဍများနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများရှိခဲ့ပြီး၊ မကြုံစဖူးသောစိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ ဥရောပတွင် ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) သည် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို ကြီးစွာအဟန့်အတားဖြစ်စေခဲ့ပြီး၊ သီးနှံများရိတ်သိမ်းရန်အတွက် လုပ်သားခေါ်ယူရာတွင် ရှုပ်ထွေးမှုများရှိလာကြောင်း၊ စားသောက်ကုန် ထောက်ပံ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင်လည်း စားသောက်ကုန်များကို ထိန်းသိမ်းရာတွင် အသုံးပြုသည့် ဓါတ်ငွေ့မလုံလောက်မှုပြဿနာများကို ကြုံတွေ့ရကြောင်း သိရပါသည်။

      ထိုသို့ အခက်အခဲနှင့် စိန်ခေါ်မှုများရှိနေစေကာမူ ဘယ်လ်ဂျီယံနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍ၏ ရှေ့အလားအလာအပေါ် အကောင်းမြင်ထားဆဲဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းကဏ္ဍအနေဖြင့် ကပ်ရောဂါအကျပ်အတည်းကို ရင်ဆိုင်နေရစဉ်တွင် ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသထားဆဲဖြစ်ကြောင်း ဘယ်လ်ဂျီယံ၏ စားသောက်ကုန်လုပ်ငန်းအသင်းချုပ် (Federation of the Belgian Food Industry- FEVIA) က ဆိုသည်။

       စားသောက်ကုန်လုပ်ငန်းကဏ္ဍ၌ လုပ်သားရှားပါးမှုပြဿနာနှင့်ပတ်သက်၍ Brexit နှင့် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းတို့ပေါင်းဆုံမိခြင်းသည် လုပ်သားရှားပါးမှုအခြေအနေကို ပိုမိုဆိုးရွားစေကြောင်း၊ ကုမ္ပဏီများအားလုံး နီးပါးသည် လုပ်သားပြဿနာကို ရင်ဆိုင်နေကြရကြောင်း FEVIA ၏ ဥက္ကဌဟောင်း Jan Vander Stichele က ပြောကြားသည်။   စားသောက်ကုန်လုပ်ငန်း (၄) ခုလျှင် (၁) ခုသည် ဝန်ထမ်းမလုံလောက်မှုကြောင့် ၎င်းတို့၏ ထုတ်လုပ်မှု နှေးကွေးကြရကြောင်း၊ အထူးသဖြင့် နည်းပညာပိုင်းကျွမ်းကျင်မှုလိုအပ်သည့် လုပ်ငန်းနယ်ပယ်များတွင် ဝန်ထမ်းမလုံလောက်မှုကို တွေ့ရကြောင်း သိရသည်။

      အခြားတစ်ဖက်တွင် စားသောက်ကုန်ထုတ်လုပ်ရာ၌ သုံးသည့်ပစ္စည်းများဈေးနှုန်းသည် မြင့်တက်လျက်ရှိကြောင်း၊ အထူးသဖြင့် ဓါတ်ငွေ့ဈေးနှုန်းမှာ ယခင်နှစ်ကထက် (၄၁၁) ရာခိုင်နှုန်း၊ သစ်ဈေးနှုန်းမှာ (၁၃၃) ရာခိုင်နှုန်း၊ ကွန်တိန်နာသယ်ယူပို့ဆောင်မှု (၁၄၄) ရာခိုင်နှုန်း၊ အလူမီနီယံ (၄၆) ရာခိုင်နှုန်း၊ ပလပ်စတစ်(၂၂) ရာခိုင်နှုန်းနှင့် ထုပ်ပိုးရာတွင်သုံးသည့် ကတ်ထူပြားများ (၁၇) ရာခိုင်နှုန်းတို့ဖြင့် အသီးသီးမြင့်တက်ခဲ့ကြောင်း၊ စားသောက်ကုန် ပါဝင်ပစ္စည်းများ၏ ကုန်ကျစရိတ်မှာလည်း သုံးပုံတစ်ပုံခန့်မြင့်တက်ခဲ့ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်သည် ၂၀၂၀ ခုနှစ်၊ နှစ်လယ်ပိုင်းခန့်မှစ၍ သိသာစွာမြင့်တက်ခဲ့သဖြင့် စားသောက်ကုန်လုပ်ငန်းများ၏ အမြတ်အစွန်းမှာ စံချိန်တင် ကျဆင်းခဲ့ပြီး၊ လက်ရှိတွင် (၂ဒသမ၇) ရာခိုင်နှုန်း၌သာရှိကြောင်း သိရပါသည်။

ရင်းမြစ် -   https://www.brusselstimes.com/belgium-all-news/195561/belgian-food-industry-hopeful-for-future-after-exceptional-challenges

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)