Main menu

Background

ယူရို (၃၀၀) ဘီလျံတန်ဖိုးရှိ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ် Global Gateway ကို အီးယူ က ထုတ်ပြန်ကြေညာခဲ့ခြင်း

Mon, 12/06/2021 - 14:44 -- journal_editor

      ကမ္ဘာတစ်ဝန်း၌ အီးယူ၏ ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို အားကောင်းစေရေး၊ အီးယူကုန်သွယ်မှုကို အားပေးမြှင့်တင်နိုင်ရေးနှင့် ရာသီဉတုပြောင်းလဲမှု တိုက်ဖျက်ရေးအထောက် အကူဖြစ်စေမည့် အခြေခံ အဆောက်အအုံများ၊ ဒစ်ဂျစ်တယ်နှင့် ရာသီဉတုဆိုင်ရာ စီမံကိန်းများ အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ယူရို (၃၀၀) ဘီလျံ ရင်းနှီးမြှုပ်နှံမည့် Global Gateway အမည်ရှိ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တစ်ရပ်ကို ဥရောပကော်မရှင်က ၁-၁၂-၂၀၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

      အီးယူ၏ Global Gateway စီမံကိန်းသည် ဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲခြင်း၊ ကျန်းမာရေး၊ ရာသီဉတု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများသာမက ပညာရေးနှင့်သုတေသနကဏ္ဍများအတွက်ပါရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အီးယူ၏ ယင်းစီမံကိန်းအရ ရန်ပုံငွေများကို အထောက် အပံ့ (Grants)၊ ချေးငွေ (Loans)နှင့် အာမခံ (Guarantees) ပုံစံများဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရာတွင် အီးယူအဖွဲ့ဝင်နိုင်ငံအစိုးရများ၊ အဖွဲ့အစည်းများ (EU Institutions) ၊ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အမျိုးသားဖွံ့ဖြိုးရေးဘဏ်များမှတစ်ဆင့်ပေးအပ်သွားမည်ဟု သိရပါသည်။ အီးယူသည် ယင်းစီမံကိန်းကိုဆောင်ရွက်ရာတွင် ဘဏ္ဍာငွေအထောက်အပံ့ရယူသည့်နိုင်ငံများ အတွက် ကြွေးမြီဒုက္ခခံရနိုင်ခြေလျော့ပါးစေရေးမျှတ၍ လုပ်သာကိုင်သာရှိသော စည်းမျဉ်းစည်းကမ်းများဖြင့် ဘဏ္ဍာငွေထောက်ပံ့မှုများကို ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ထုတ်ပြန်ချက်တွင်ဖော်ပြထား ပါသည်။

        အီးယူ၏ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသည် ဒစ်ဂျစ်တယ်၊ ပို့ဆောင်ရေးနှင့် စွမ်းအင်ကွန်ရက်များကို ပိုမိုအားကောင်းစေရန်အတွက် ဖိုင်ဘာကေဘယ်ကြိုးများ၊ သယ်ယူပို့ဆောင်ရေးစင်္ကြံများ၊ စွမ်းအင်ကူးပြောင်းရေး လိုင်းများစသည့် ရုပ်ပိုင်းအခြေခံအဆောက်အအုံများကို အလေးပေးဆောင်ရွက်မည်ဖြစ်သည်ဟု ဥရောပကော်မရှင်ကဆိုသည်။

        စီမံကိန်းလုပ်ငန်းလွှဲပြောင်းမှုများသေချာစေရေးအတွက် ဆွဲဆောင်မှုရှိသောရင်းနှီးမြှုပ်နှံမှု၊ လုပ်သာကိုင်သာရှိသည့် စီးပွားရေး/ကုန်သွယ်မှုအခြေအနေများ၊ မူဝါဒပိုင်းဆုံချက်များ၊ စံချိန်စံညွှန်းများ၊ ကုန်ထုတ်လုပ်မှုထောက်ပံ့ရေး ကွင်းဆက်ပေါင်းစည်းမှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ကမ်းလှမ်းခြင်းဖြင့် စီမံကိန်းများလုပ်သာစေမည့် ပတ်ဝန်းကျင် (enabling environment) တစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းအရ အခြားနိုင်ငံများကို ကူညီခြင်းဖြင့် အီးယူသည် ယင်း၏ ကိုယ်ပိုင်အကျိုးစီးပွားမြှင့်တင်ရေး၊ ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် အားကောင်းစေရေးတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဥရောပကော်မရှင်ကဖော်ပြသည်။

        Global Gateway စီမံကိန်းသည် အီးယူအတွက် ကုန်သွယ်မှုအခွင့်အလမ်းများကို ပိုမိုဖွင့်လှစ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အီးယူ၏ စီးပွားရေးတွင် အလုပ်အကိုင်ပေါင်း (၃၈) သန်းခန့်သည် နိုင်ငံတကာနှင့်ကုန်သွယ်မှုအပေါ်တွင် မှီခို နေခြင်းဖြစ်ကြောင်း ဥရောပကော်မရှင်၏ ဖော်ပြချက်အရသိရပါသည်။

ရင်းမြစ် -  https://www.euractiv.com/section/global-europe/news/eu-unveils-e300bn-global-investment-scheme-as-part-of-the-wests-response-to-china/

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)