Main menu

Background

တရုတ်နိုင်ငံ၏ပြည်တွင်းစီးပွားရေးဆိုင်ရာသတင်းများ ( ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ)

Mon, 12/06/2021 - 14:59 -- journal_editor

စက်မှုလုပ်ငန်းများမှ ရရှိသည့်အမြတ်အစွန်းများ ဆက်လက်တိုးတက်ခဲ့ခြင်း

          တရုတ်နိုင်ငံသည် စွမ်းအင်ရရှိမှုတည်ငြိမ်စေရန်၊ ဈေးနှုန်းများ တည်ငြိမ်စေရန် မူဝါဒများ ချမှတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံရှိ စက်မှုလုပ်ငန်းများမှ အမြတ်အစွန်းရရှိမှုသည် ဆက်လက်တိုး တက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း၌ ပြည်တွင်းစက်မှုလုပ်ငန်းများမှ အမြတ် အစွန်း တရုတ်ယွမ်ငွေ(၈၁၈ဒသမ၇)ဘီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူကထက် (၂၅) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက (၈ဒသမ၃) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမ (၁၀)လတာကာလအတွင်း ပြည်တွင်းရှိ စက်မှုလုပ်ငန်းများမှ အမြတ်အစွန်း တရုတ်ယွမ်ငွေ (၇ဒသမ၁၇) ထရီလီယံ ရရှိခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်၊ ကာလတူကထက် (၄၂ဒသမ၂) ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်၊ ကာလတူကထက် (၄၃ဒသမ၂) ရာခိုင်နှုန်း၊ နှစ်နှစ်ပျမ်းမျှ (၁၉ဒသမ၇) ရာခိုင်နှုန်းဖြင့် အသီးသီး တိုးတက်လာခဲ့သည်ဟု တရုတ်နိုင်ငံအမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့ပါသည်။

          စွမ်းအင်ရရှိမှုသေချာစေခြင်း၊ ဈေးနှုန်းများတည်ငြိမ်စေခြင်းနှင့် လုပ်ငန်းများ၏ အခက်အခဲများ လျှော့ပါးသက်သာစေမည့် မူဝါဒဆိုင်ရာစီမံဆောင်ရွက်မှုများအား တွန်းအားပေးလုပ်ဆောင်ခဲ့ခြင်း ကြောင့် စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်ရေးနှင့် လည်ပတ်သည့်အခြေအနေများ ဆက်လက်တိုးတက် လာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ထုတ်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် သတ္တုလုပ်ငန်းများမှ အမြတ်အစွန်းရရှိမှု(၂ဒသမ၈၁)ဆ တိုးတက် လာခဲ့ကြောင်း၊ အလားတူပင် ကုန်ကြမ်းပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများမှ အမြတ်အစွန်းရရှိမှုသည် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၅၆ဒသမ၁) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊  စွမ်းအင်ရရှိနိုင်ရေးမူဝါဒနှင့် စီမံဆောင်ရွက်မှုများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် ကျောက်မီးသွေးလုပ်ငန်းများမှ အမြတ်အစွန်းရရှိမှုသည် ပြီးခဲ့သည့်နှစ်ကထက်(၄ဒသမ၃၈)ဆ မြင့်တက်လာခဲ့ကြောင်း၊ သံမဏိလုပ်ငန်းများ မှ အမြတ်အစွန်းရရှိမှုသည် (၅၇ဒသမ၃) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ သံမဟုတ်သည့် သတ္တုကဏ္ဍ၊  ဓါတုကဏ္ဍများသည်လည်း (၁ဒသမ၆၈)ဆ နှင့် (၆၃ဒသမ၉) ရာခိုင်နှုန်းအသီးသီး မြင့်တက်လာခဲ့ကြောင်း၊ ထိုကဲ့သို့ စက်မှုလုပ်ငန်းများမှ အမြတ်အစွန်းရရှိမှု ဆက်လက်မြင့်တက်ခဲ့ခြင်း သည် တရုတ်နိုင်ငံအနေဖြင့် စွမ်းအင် ရရှိမှုလျှော့နည်းလာခြင်းနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းသည့် မူဝါဒများ ထိရောက် မှုရှိသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ရရှိမှု လျှော့နည်းလာသည့် ပြဿနာအား ဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် ဈေးနှုန်းများ ဆက်လက်မြင့်တက် လျက်ရှိရာ အောက်ခြေလုပ်ငန်းများ အပေါ် ဖိအားများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့အပြင် တောင်အာဖရိကတွင် စတင်တွေ့ရှိ ခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဈေးကွက်အပေါ် ရိုက်ခတ်မှု များ ဖြစ်ပေါ်လာသည့်အတွက် ကမ္ဘာ့ကပ်ရောဂါသည် စီးပွားရေး အပေါ် အန္တရာယ်များ ဖြစ်ပေါ်စေသည့် အဓိကအချက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ အာဖရိက နှင့် အခြားဒေသများ၌ ကမ္ဘာ့ကပ်ရောဂါ ပိုမိုဆိုးရွားလာခြင်းသည်လည်း အခြေခံအရင်းအမြစ်များအပေါ် အဓိကသက်ရောက်မှု များ ဖြစ်ပေါ်လာ စေမည်ဟု ခန့်မှန်းထားကြောင်း လေ့လာစောင့်ကြည့်သူများမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/page/202111/1240046.shtml

(ရွှေစင်ဦး)       

စီးပွားရေးသံမှူး   

မြန်မာသံရုံး၊ပေကျင်းမြို့