Main menu

Background

တရုတ်အလှကုန်ဈေးကွက်တွင် နမူနာပေးသည့်အလှကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချရာ ပိုမိုလူကြိုက်များလျက်ရှိ

Tue, 12/07/2021 - 12:50 -- journal_editor

            ရောင်းချရန်အတွက်မဟုတ်ဘဲ အစမ်းသုံးကြည့်ရန် ဖြန့်ဖြူးလေ့ရှိသည့် အလှကုန်နမူနာများမှာ ယခုအခါတရုတ်ဈေးကွက်တွင် အများအပြားရောင်းချနေရပြီး၊ အလှကုန်အမှတ်တံဆိပ် ကြေညာနိုင်၍ ဈေးကွက်ကိုလွှမ်းမိုးလာ နိုင်ခြင်းနှင့် အသုံးပြုသည့်ဖောက်သည်များ တိုးပွားလာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိလာသည်ဟု သိရပါ သည်။

         အများအားဖြင့် အလှကုန်အမျိုးအစားကောင်းကို အသုံးပြုလိုသော်လည်း ငွေကြေးအများအပြားမသုံးစွဲလိုသည့် ဖောက်သည်များကြားတွင် အရွယ်အစားသေးငယ်၍ ဈေးနှုန်းသက်သာသည့် အလှကုန်များမှာ ပိုမိုရေပန်းစား လာခြင်းဖြစ်ပါသည်။ အထူးသဖြင့် အရေပြားထိန်းသိမ်းသည့်အလှကုန်များကို နေ့စဉ်အသုံးပြုရန် အရွယ်အစားကြီးကြီးမားမား ဝယ်ယူကြသော်လည်း၊ အမျိုးအစားများပြားပြီး တစ်ကြိမ်သုံးလျှင် အနည်းငယ်သာ အသုံးပြုသည့် အလှကုန်များအတွက်မူ  ငွေကြေးများစွာ အသုံးပြုလိုခြင်းမရှိကြသည်ကို သိရပါသည်။

          အလှကုန်များကို ရောင်းချသည့်ဆိုင်များတွင်လည်း နာမည်ကြီး အလှကုန်အမှတ်တံဆိပ်အမျိုးမျိုးတို့၏ နမူနာများကို ယွမ် (၃၀)မှ ယွမ် (၃၀၀)ကြား ရောင်းချနေကြပြီး၊ မိန်းမပျိုများကြားတွင် လူကြိုက်များနေကြကြောင်းနှင့် ယမန်နှစ်မှစ၍ ထိုကဲ့သို့ နမူနာအရွယ်အစားရှိ အလှကုန်များကို အလှကုန်ဆိုင်များတွင် ပိုမိုရောင်းချလာရကြောင်း သိရပါသည်။

          တစ်ပတ်ရစ်ပစ္စည်းများကို ရောင်းချသည့် e-commerce site ဖြစ်သည့် Xianyu မှ စာရင်းအရ ယမန်နှစ်အတွင်း နမူနာအလှကုန်များကို ရောင်းချရမှုမှာ (၂၀၁) ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ အလှကုန်သတင်းအချက်အလက် ကွန်ရက်ဖြစ်သည့် Chyxx မှ ခန့်မှန်းချက်အရ လာမည့်နှစ်တွင်  တရုတ်နိုင်ငံ၏ အလှကုန်လုပ်ငန်းမှာ ယွမ်ငွေ ဘီလီယံ (၅၀၀)ခန့်ရရှိနိုင်ပြီး၊ ၂၀၂၃ ခုနှစ်တွင် ယွမ်ငွေ (၅၄၉) ဘီလီယံခန့် ရရှိနိုင်ကြောင်း သိရပါသည်။

         နာမည်ကျော် အလှကုန်အမှတ်တံဆိပ်များကလည်း ဖောက်သည်များက နမူနာများကို ပိုမိုဝယ်လိုအားမြင့်လာကြောင်း ကောင်းစွာသိရှိလာကြပါသည်။ Procter & Gamble အမှတ်တံဆိပ်ဆိုလျှင် နမူနာပစ္စည်းများ ပေါ်တွင် နှစ်စဉ်ယွမ်ငွေ သန်း (၅၀၀)ခန့် သုံးစွဲလေ့ရှိပါသည်။ တရုတ်နိုင်ငံ၏ နာမည်ကျော် skincare အမှတ်တံဆိပ်ဖြစ်သည့် Winona သည်လည်း ဖောက်သည်များအတွက် နမူနာပစ္စည်းအခုရေ (၃)သိန်းခန့် ပေးပို့ကာ၊ ဖောက်သည်အသစ် (၂၉၀,၀၀၀)ကို ဆွဲဆောင်သည်ဟု သိရပါသည်။

         ယခုနှစ်အစပိုင်းတွင် Tmall က ဟန်ကျိုးတွင် (၁)ယွမ်စတိုးဆိုင်ကို စတင်ဖွင့်လှစ်ပြီး၊ အလှကုန်အမှတ်တံဆိပ် (၈၀)ကျော်ဝန်းကျင်တို့ အလှကုန်နမူနာပေါင်း (၃)သောင်းကျော်ကိုရောင်းချရာ ဖောက်သည်ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။ ထို့ပြင် အွန်လိုင်းပေါ်တွင်လည်း "Tmall U First" နေရာမှ အလှကုန်နမူနာများကို ဈေးသက် သာစွာဖြင့် ရောင်းချခဲ့ရာ၊ လာရောက်ကြည့်ရှုသူများက မကြာခဏ ပြန်လည်ဝင်ရောက် ကြည့်ရှုကြသည့်အတွက် ရလဒ်ကောင်းမွန်ကြောင်း သိရပါသည်။

                   တရုတ်ဈေးကွက်သို့ ဝင်ရောက်လိုကြသည့် မြန်မာနိုင်ငံမှ အလှကုန်လုပ်ငန်း ရှင်များအနေနှင့်လည်း တရုတ်နိုင်ငံ၌ ကျင်းပသည့်ကုန်စည်ပြပွဲများတွင် ပါဝင်ပြသရန် ပြင်ဆင်ကြသည့်အခါ တရုတ်နိုင်ငံ၏ ဈေးကွက်အနေအထားကို ကြိုတင်သိရှိ၍ ပြင်ဆင် နိုင်ကြစေရန် ရည်ရွယ်၍ ဤသတင်းကို ရေးသားဖော်ပြအပ်ပါသည်။

ရင်းမြစ်၊ China Daily (၂-၁၂-၂၀၂၁)

(ဒေါက်တာရွှေစင်ကို၊စီးပွားရေးသံမှူး)