Main menu

Background

အိန္ဒိယနှင့် ရုရှား နှစ်နိုင်ငံ မိတ်ဖက်ရင်းနှီးမြှုပ်နှံဆောင်ရွက်မှု တိုးမြှင့်မည်

Fri, 12/10/2021 - 10:35 -- journal_editor

အိန္ဒိယ-ရုရှားနှစ်နိုင်ငံခေါင်းဆောင်များ၏ ၂၁ ကြိမ်မြောက် နှစ်စဉ်ညီလာခံဆွေးနွေးပွဲကို ၆-၁၂-၂၀၂၁နေ့၌ ကျင်းပရာ အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီနှင့်အတူ ၎င်း၏ ဖိတ်ကြားချက် အရနယူးဒေလီမြို့သို့ အလုပ်သဘောခရီး ရောက်ရှိနေသည့် ရုရှားသမ္မတဗလာဒီမီယာပူတင်တို့ တက်ရောက်လျက် နှစ်နိုင်ငံမိတ်ဖက်ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်နိုင်မည့် ကဏ္ဍများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါညီလာခံဆွေးနွေးပွဲအပြီး ပူးတွဲသတင်းထုတ်ပြန်ရာ၌ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ မှာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်း ၃၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ သည် ၂၀၂၅ ခုနှစ်အရောက်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံအထိရရှိရေးအတွက် ပိုမိုကြိုးပမ်းအားထုတ် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အိန္ဒိယနှင့်ဥရောပ-အာရှစီးပွားရေးသမဂ္ဂ တို့အကြား ကုန်သွယ်မှု သဘောတူညီချက်ဖော်ဆောင်နိုင်ရေး ညှိနှိုင်းမှုများစတင်လုပ်ဆောင်ရန် လိုအပ်လျက်ရှိမှုကို လည်း အလေးပေးဆွေးနွေးခဲ့ကြကြောင်း၊ ဦးစားပေးကဏ္ဍစုံ၌ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာနှင့်ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အိန္ဒိယ-ရုရှားအစိုးရကော်မရှင် (India-Russia Inter-Governmental Commission on Trade, Economic, Scientific, Technological and Cultural Cooperation) အောက်၌ နှစ်ဘက်ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်မှု ကိုလည်း အသိအမှတ်ပြုခဲ့ကြကြောင်း  ဖော်ပြပါသည်။

အဆိုပါဆွေးနွေးပွဲ၌ အိန္ဒိယနိုင်ငံ၏ အရပ်ဘက်သင်္ဘောတည်ဆောက်ရေးနှင့် ပြည်တွင်း ရေကြောင်းပို့ဆောင်မှု၊ သံမဏိ၊ ရေနံထွက်ကုန်နှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်မှု၊ လယ် ယာထွက်ကုန် ပြုပြင်ထုတ်လုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သတင်းအချက်အလက်နည်း ပညာနှင့်ဘဏ်လုပ်ငန်း စသည့်ကဏ္ဍများတွင် ရုရှားလုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး အိန္ဒိယနိုင်ငံဘက်မှ ဖိတ်ခေါ်ခဲ့ကြောင်း၊ အိန္ဒိယအစိုးရက ချမှတ်ဖော်ဆောင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရေးအစီအမံတစ်ရပ်ဖြစ်သည့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ချိတ်ဆက်အားပေးဆွဲဆောင်မှု Production-Linked Incentive (PLI) အစီအစဉ်အောက်ရှိကုန်ထုတ်လုပ်ငန်းကဏ္ဍ ၁၃ ခုတွင် ရုရှားကုမ္ပဏီများအနေဖြင့် ပါဝင် လုပ်ကိုင်ရန် ဝန်ကြီးချုပ်မိုဒီက တိုက်တွန်းခဲ့ကြောင်း၊ နှစ်နိုင်ငံအမျိုးသား ငွေပေးချေမှု အခြေခံ အဆောက်အအုံစနစ်အတွင်း အိန္ဒိယ RuPayကတ်နှင့် ရုရှားMIRကတ်တို့ကို လက်ခံအသိအမှတ် ပြုလျက် အိန္ဒိယ၏ပေါင်းစည်းငွေပေးချေမှုစနစ် (UPI) နှင့် ရုရှား၏ လျင်မြန်စွာ ငွေပေးချေမှု စနစ် (FPS)တို့ကိုအပြန်အလှန်ချိတ်ဆက်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင် ရန်စိတ်ဝင်စားမှု ရှိသည်ကို ဝန်ကြီးချုပ်မိုဒီနှင့်သမ္မတပူတင်တို့က ဖော်ပြခဲ့ကြကြောင်း၊ ဘဏ်လုပ်ငန်းအချင်းချင်းအကြား ငွေပေးချေမှုလွယ်ကူချောမွေ့စေရေး ရုရှားဗဟိုဘဏ်၏ဘဏ္ဍာ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်ပေးပို့မှုစနစ်သို့ အိန္ဒိယငွေကြေးအဖွဲ့အစည်းများက ပါဝင်ချိတ်ဆက်ဆောင်ရွက်ရန်ရုရှား နိုင်ငံဘက်မှဖိတ်ခေါ်ခဲ့ကြောင်း၊ စွမ်းအင်၊ ထောက်ပံ့ ပို့ဆောင်မှု၊ ပင်လယ်ရေကြောင်းကွန်ယက်ဆက်သွယ်မှု၊ ဆေးဝါးနှင့်ကျန်းမာရေး စောင့် ရှောက်မှု၊ ခရီးသွားလုပ်ငန်း၊ သစ်တောထုတ်ကုန်စသည့်လုပ်ငန်းများအား ရုရှားနိုင်ငံ အရှေ့ဖျား ဒေသ၌ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများအဖြစ်ဖော်ထုတ်သတ်မှတ်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြောက်ပင်လယ်ခရီး လမ်းကြောင်း (Northern Sea route) တွင် ရုရှား နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိသကဲ့သို့ နိုင်ငံတကာနေရောင်ခြည်စွမ်းအင် မဟာမိတ်အဖွဲ့ (International Solar Alliance) နှင့် သဘာဝဘေးဒဏ်တွန်းလှန်မှု အခြေခံ အဆောက်အအုံပူးပေါင်းအဖွဲ့ (Coalition for Disaster Resilient Infrastructure) တို့တွင် ရုရှားနိုင်ငံက ပူးပေါင်းပါဝင်လာစေရေး ဆန္ဒရှိသည်ကိုလည်းဖော်ပြခဲ့ကြောင်း သိရှိရပါ သည်။

ထိုကဲ့သို့ညီလာခံဆွေးနွေးပွဲကျင်းပမှုနှင့်အတူ အိန္ဒိယနှင့်ရုရှားနှစ်နိုင်ငံအကြား သိပ္ပံနည်း ပညာနှင့် တီထွင်ဆန်းသစ်မှု၊ ဉာဏပစ္စည်းပိုင်ဆိုင်မှု၊ စစ်ဘက်ရေးရာနည်းပညာ၊ ဘူမိသိပ္ပံနည်း ပညာ၊ ကုန်သွယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက်အား ပြင်ဆင်ရန်လုပ်နည်း သတ်မှတ်မှု၊ ယဉ်ကျေးမှုပွဲတော်များ ကျင်းပမှုနှင့်ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်၊ အာကာသယာဉ်လွှတ် တင်မှုနှင့်မြေပြင်အခြေခံအဆောက်အအုံတည်ဆောက်ရေး သုတေသန ဆောင်ရွက်မှု၊ ရုရှားနိုင်ငံ အတွင်း အိန္ဒိယကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်ရေးမြေနေရာချထားမှုနှင့် ဗလာဒီဗော့စတော့မြို့၌ အိန္ဒိယကောင်စစ်ဝန်ချုပ်‌နေအိမ်ဆောက်လုပ်မှု စသည့် နယ်ပယ်များနှင့်သက်ဆိုင်သောအစိုးရချင်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၉ စောင်ကို လက်မှတ်ရေးထိုးခဲ့ကြပါ သည်။ ထို့အပြင်နှစ်နိုင်ငံရှိ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ကုမ္ပဏီလုပ်ငန်းများအကြား အီလက် ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ ရေနံထွက်ကုန်၊ သံမဏိထုတ်ကုန်၊ ကျန်းမာရေး၊ ပညာရေး၊ လူစွမ်းအားအရင်းအမြစ်နှင့် ကုန်သွယ်ရေးစသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာ ၁၉ စောင်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်းသိရှိရသည်။

Source:         1. Modi, Putin push investments in shipbuilding, steel, petrochemicals to boost eco ties, 7-12-2021, Economic Times

2. India- Russia Joint Statement following the visit of the President of the Russian Federation, 6-12-2021, Ministry of External Affairs of India

 

 

(နေအေးလွင်)    

စီးပွားရေးသံမှူး   

မြန်မာသံရုံး၊ နယူးဒေလီမြို့