Main menu

Background

မဟာသြင်္ကန်ပွဲတော်ဆင်နွှဲဖို့ ပြင်ဆင်နေကြပြီ

Wed, 03/31/2010 - 05:30 -- Anonymous (not verified)

   မကြာခင်မှာ မဟာသြင်္ကန်ကာလကိုရောက်ရှိတော့မှာဖြစ်ပါတယ်။ မဟာသြင်္ကန်ပွဲတော်ကိုဆင်နွဲှဖို့အတွက် လူကြီး၊ လူငယ်၊ ကလေးတွေပါမကျန် ကြိုတင်ပြင်ဆင်နေကြပါပြီ။   မြန်မာ့ရိုးရာအတာသြင်္ကန်ဟာ လည်းခေတ်စနစ်ပြောင်းလဲမှုနဲ့အတူ အသွင်သဏ္ဍာန်တွေလဲပြောင်းလဲလာပါတယ်။ သပြေခက်နဲ့ ရေပက်ရာကနေ မီးသတ်ပိုက်တွေ၊ စတီးပိုက်တွေ၊ ရေပြွတ်၊ ရေပုံးတွေနဲ့ ပက်ကြတဲ့ပုံစံဖြစ်လာ တာတွေ့ရပါတယ်။ အသွင်သဏ္ဍာန် တွေပြောင်းလဲလာပေမဲ့ အနှစ်သာရဖြစ် တဲ့ရေပက်ကစားခြင်း၊ အလှူပွဲများကျင်းပခြင်း၊ အလှပြယာဉ်များဖြင့် ဖျော်ဖြေခြင်း၊ တရား စခန်းဝင်ခြင်း၊ ရဟန်းခံရှင်ပြု ပွဲများပြုလုပ်ခြင်း၊ သက်ကြီးရွယ်အိုများ အားခေါင်းဆေးမင်္ဂလာပြုလုပ်ပေးခြင်း၊ လှူဖွယ်ဝတ္ထုများဖြင့် လှူဒါန်းခြင်း၊ ဘုရားကျောင်းကန်များ သွားရောက်ခြင်းတွေကမပြောင်းလဲပါဘူး။ရေပက်ခံထွက်မယ်ဆိုရင်   လူငယ်အများစုကတော့ သြင်္ကန်မှာရေပက်ခံကားလည်ဖို့အတွက် ကားဈေးတွေစုံစမ်းပြီး ငှားရမ်းမှုတွေစနေပါပြီ။ သြင်္ကန်မှာ အငှားသွက်တာက ဂျစ်ကားပါဘဲ။ ရှမ်းစတားဂျစ်တွေ အငှားသွက်တယ်လို့သိရပါတယ်။ စက်မှုဇုန်ထုတ်ဂျစ်တွေကတော့ လေးပိုး ပြီးသား ဂျစ်တွေကိုငှားကြကြောင်း၊ ငှားခဲ့ရင်လည်း ပိုင်ရှင်က လူ ၁၀ဦးထက်ပိုရင်မငှားဘူးလို့ပြောပါတယ်။   ဂျစ်ကားငှားခ ဟာ တစ်ရက်ကိုး သောင်းကျပ်မှ တစ်သိန်း တစ်သောင်း ကျပ်ဝန်းကျင်ရှိပြီး ဆီဖိုးမပါဘူးလို့သိရပါတယ်။ သြင်္ကန် ရက်ရှည် ငှားသူတွေဟာ ကားသမားအတွက် စားစရာ၊ ညအိပ်စရာစီစဉ်ပေးရပါတယ်။ ကိုယ့်စရိတ်နဲ့ ကိုယ်နေစားမယ်ဆိုရင် ဈေးနှုန်းတစ်မျိုးဖြစ်သွားပါတယ်။ Light Truck,Tight Ace ကားတွေကတော့ ရှစ်သောင်းကျပ်ကနေ တစ်သိန်းကျပ်အထိ ဈေးခေါ်နေပါတယ်။ ဒီဈေးနှုန်းတွေဟာ လတ်တလောခေါ်ဈေးတွေဖြစ်နေပြီး သြင်္ကန်နီးရင် ဈေးကျသွားနိုင်တယ်လို့ နှစ်စဉ် ကားငှားနေသူတွေကပြောပါတယ်။ တစ်ရက်ချင်းကားငှားခဈေးတစ်မျိုးဖြစ်ပေမဲ့ သြင်္ကန်အစအဆုံးငှားမယ်ဆိုရင် ဈေးညှိနှိုင်းလို့ရ ကြောင်းသိရပါတယ်။   အငှားလိုက်တဲ့ဂျစ်ကားအများစုဟာ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးဘက်ကလိုင်းဆွဲနေတဲ့ကားတွေဖြစ်ပြီး တချို့ရပ်ကွက် တွေထဲက ဘော်ဒီပြင်မဲ့ကားတွေလည်း ဝပ်ရှော့စရိတ်ရအောင်အငှားလိုက်ကြကြောင်းသိရပါတယ်။ သြင်္ကန်အငှားလိုက်မဲ့ကား တွေကလည်း အခုကတည်းက ဝပ်ရှော့မှာပြင်ဆင်မှုတွေလုပ်နေကြပြီလို့သိရပါတယ်။ စာချုပ်နဲ့အငှားလိုက်တာကြောင့် ကားတစ် နာရီပျက်ရင် တစ်နာရီစာပြန်လျော်ရတာကြောင့် သြင်္ကန်မလည်ခင်ကြိုတင်ပြင်ဆင်ရတယ်လို့ကားသမား တစ်ဦးကပြောပါတယ်။ ဒါကြောင့် သြင်္ကန်မတိုင်ခင်မှာရော သြင်္ကန်ပြီးရင်ရောအဆင်ပြေကြတာက ကားဝပ်ရှော့တွေလို့ဆိုကြပါတယ်။သြင်္ကန်မှာအဆင်ပြေကြသူုများ   သြင်္ကန်မှာအဆင်ပြေကြတာ ကားဝပ်ရှော့တွေအပြင်  ရေသန့်၊ ဆေးလိပ်၊ ကွမ်းယာနဲ့စားစရာ ရောင်းချသူတွေလဲပါဝင်ကြပါ တယ်။ ကားနောက်ခန်းမှာပစ္စည်းတွေတင်ပြီး မဏ္ဍပ်ကြီးတွေနား ရောင်းချသူတွေ၊ တစ်နိုင် တစ်ပိုင်ခြင်းတွေ၊ ပုံးတွေနဲ့ရောင်းချသူ တွေ၊ ဆိုင်ဖွင့်ရောင်းချသူတွေအစုံပါပဲ။   တချို့ကလဲ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ကြာဇံကြော်တွေကို ဖော့ဘူးတွေနဲ့ထည့်ပြီး မဏ္ဍပ်တွေမှာလှည့်လည်ရောင်းချကြ မယ်လို့ဆိုပါတယ်။ စားသောက်ဆိုင်ကြီးတွေကတော့ လူတစ်ဦးဘယ်လောက်နှုန်းဆိုပြီး Ready Made ပြင်ဆင်ပြီး ရောင်းချဖို့ လုပ်နေတာတွေ့ရပါတယ်။ မဏ္ဍပ်ကြီးအများစုက အဲဒီဆိုင်တွေမှာမှာယူ ကျွေးမွေးကြတယ်လို့သိရပါတယ်။ မြို့နယ်ရပ်ကွက် စားသောက်ဆိုင်တွေကလည်း ခါတိုင်းနှုန်းထက် သက်သာတဲ့နှုန်းထားနဲ့ ရေပက်ခံထွက်သူတွေကို ရောင်းချပေးဖို့ စီစဉ်နေပါ တယ်။အလှယာဉ်တွေရဲ့ ဖျော်ဖြေမှု       ငယ်စဉ်ကအလှယာဉ်တွေလာပြီဆို မဏ္ဍပ်ကိုအပြေးအလွှားသွားပြီး အလှအပသဘာ၀ ဟာသသံချပ်၊ တေးသီချင်း၊ တေးသရုပ် ဖော်တွေကိုကြည့်ခဲ့ ရပါတယ်။ ဒီဘက်ခေတ်မှာလည်း မြို့တော်ဝန်မဏ္ဍပ်၊ခရိုင်မြို့နယ်မဏ္ဍပ်တွေမှာ ဖျော်ဖြေနေတဲ့ အလှပြယာဉ် တွေရှိနေဆဲပါ။ ဒီနှစ်အတွက်ဖျော်ဖြေဖို့ စာရင်းသွင်းထားတဲ့ အလှပြယာဉ်အဖွဲ့ ၅ ဖွဲ့ရှိနေပြီလို့သိရပါတယ်။   ဒီအဖွဲ့တွေထဲက သြင်္ကန်သက်တမ်း နှစ်ပေါင်း ၃၀ ရှိနေပြီဖြစ်တဲ့ ''ကျွန်ုပ်တို့'' သည်အလှပြယာဉ်အဖွဲ့က အဖွဲ့ခေါင်းဆောင်ကို ကျော်ကျော်ထွန်း(မဟူရာ) က ''လူတွေကိုပျော်စေချင်တယ်၊ကျွန်တော် တို့ရဲ့သံချပ်တွေ၊ တေးသရုပ်ဖော်တွေ၊ သီချင်းတွေ၊ အက တွေကိုခံစားနေရတဲ့ အချိန်မှာ ဘဝအမောတွေပြေပျောက် နေမယ်ဆိုရင်ဝမ်းသာပါတယ်။ ဒါကြောင့် နှစ်စဉ်ဖျော်ဖြေခဲ့တာပါ။ ကျွန်တော့ဖေဖေ ဦးထွန်းရှိန်(တက္က သိုလ်ကြော့နောင်) လက်ထက် ၁၉၇၈ ကစပြီး ကလေးစကားဆိုတဲ့အမည်နဲ့ စခဲ့တာ၊ ၁၉၈၆ မှ ကျွန်ုပ်တို့သည်လို့ နာမည်ပြောင်းလိုက်တာ၊ ရိုးရာသြင်္ကန်ကိုဖော်ထုတ်ခဲ့တာတွေ၊ တိုင်းကျိုးပြည်ပြုကဏ္ဍ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေး၊ လူ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကိုဖျော်ဖြေတာပါ၊ ဟာသနှောပြီး ဖျော်ဖြေလိုက်တော့ ပရိသတ်တွေရီမောရ တာပေါ့'' လို့ဆိုပါတယ်။   အလှပြယာဉ်အဖွဲ့တစ်ဖွဲ့ရဲ့ အနည်းဆုံးကုန်ကျစရိတ်ဟာ သိန်း ၃၀- ၄၀ခန့်ရှိပြီး မြန်မာသံစဉ်တီဝိုင်း၊ အနောက်တိုင်း ဂီတတီးဝိုင်း တွေပါပါတယ်။ တီးဝိုင်းတွေ၊ မီးစက်၊ အသံချဲ့စက်၊ သရုပ်ဖော်ပစ္စည်းတွေအတွက် ကားတစ်စီး၊ အလှယာဉ်အဖွဲ့သားတွေအတွက် ကားတစ်စီးမဖြစ်မနေ လိုအပ်ကြောင်းသိရပါတယ်။ အလှယာဉ်အဖြစ် ပြင်ဆင်မဲ့ကားကိုစငှားတဲ့ရက်ကစပြီး ကားသမားရဲ့ နေထိုင် စားသောက်မှုကိုပါ တာဝန်ယူရတယ်လို့သိရပါတယ်။ အလှယာဉ်ထွက်နိုင်ဖို့ တစ်လကျော်လောက်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရ ကြောင်းထပ် မံသိရပါတယ်။   သြင်္ကန်ကာလရောက်ပြီဆို လူငယ်တွေက သာမန်အချိန်ထက်ထူးခြားတဲ့ ဝတ်စားဆင်ယင်မှု၊ မျက်နှာအလှပြင်ဆင်မှု၊ ဆံပင် အလှပြင်ဆင်မှုတွေပြုလုပ်ကြတာထုံးစံပါဘဲ။ အဝတ်အထည်ဆိုင်တွေ၊ ဖက်ရှင်ဆိုင်တွေကလည်း သြင်္ကန်နဲ့လိုက်ဖက်မဲ့ အဆင် ဆန်း၊ ဒီဇိုင်းဆန်းတွေရောင်းချကြပါတယ်။အပြိုင်အဆိုင်ရောင်းချ   သြင်္ကန်နီးလာပြီဆိုတော့ စူပါမားကတ်တွေ၊ ရှော့ပင်းမောလ်တွေ၊ ဖက်ရှင်ဆိုင်တွေ၊ ဈေးကြီးတွေမှာ ကလေးကစားစရာ သြင်္ကန် ပစ္စည်းတွေ၊ သြင်္ကန်အဝတ်အထည်တွေ၊ မျက်မှန်၊ ဦးထုပ်၊ သြင်္ကန်ပန်းစတာတွေကို အပြိုင်အဆိုင် ရောင်းချလာကြတာတွေ့ရပါ တယ်။   Capital Hyper Mart  &Sd Queen Collection ပိုင်ရှင်ကိုစောကိုက ''သြင်္ကန်အတွက် ဘန်ကောက်နဲ့ကိုရီးယား made တွေမှာထားတယ်။ အထူးသဖြင့် Jacket တွေပဲ၊ဘောင်းဘီအတို အရှည်အစုံပဲ၊ ဂျင်းအရှည်ဆို Colour effective တွေပါတဲ့ ဒီဇိုင်းတွေရှိတယ်။ စကတ်အတိုထဲမှာ ဇာတွေ၊ကျားသစ်ကွက်တွေ၊ ဘော်ကြယ်လက်လက်တွေရှိတယ်။ တစ်ဆက်တည်းဝတ် လို့ရတဲ့ Dress တွေလဲရှိတယ်။ တချို့ကတစ်ထည်တည်းနဲ့ တစ်ကိုယ်လုံးအဆင်ပြေလို့၊ ကိုယ်လုံးအလှပေါ်စေလို့ ကြိုက်ကြတယ်။ ဈေးနှုန်းကလဲသင့်တင့်တယ်'' လို့ပြောပါတယ်။သုူတို့လဲပါ   သြင်္ကန်ပွဲတော်ကိုမှီပြီး သြင်္ကန်အကြိုဈေးရောင်းပွဲတော်ထဲမှာ အလှဆင်ပစ္စည်းတွေသာမက အိမ်သုံးပစ္စည်းတွေ၊ အီလက် ထရွန်းနစ်ပစ္စည်းတွေ၊ ကွန်ပျူတာပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေလဲ အပြိုင်အဆိုင်ဈေးနှုန်းလျှော့ချရောင်း ချတာတွေလုပ်နေကြ ပါတယ်။ ဖက်ရှင်ဆိုင်၊ ဖန်စီဆိုင်၊ အလှကုန်ဆိုင်တွေကလဲ သြင်္ကန်အကြိုအထူးဈေးရောင်းပွဲဆိုပြီး Discount တွေချပြီး ရောင်းချနေကြပါတယ်။ မော်တော်ကားထုတ်လုပ်ရေး စက်ရုံကတောင် သြင်္ကန်အထူးဈေး ရောင်းပွဲကျင်းပနေကြောင်းသိရပါတယ်။   သြင်္ကန်ရက်မှာအဝတ်များတာက ရေဒဏ်၊ နေဒဏ်၊ လေဒဏ်ခံနိုင်တဲ့ ဂျင်း တွေပါဘဲ။ ဒါကြောင့်ဂျင်းကိုအမျိုးသား ရောအမျိုးသမီးကပါ ဝတ်ဆင်ကြတာ ကြောင့် ဂျင်းဘောင်းဘီ၊ အင်္ကျီ၊ စကတ်တွေ အရောင်းသွက်နေပါတယ်။ အခုကတည်းက ကြိုတင်ဝယ်ယူနေကြပါပြီ။ မင်းသမီး၊မင်းသား အဆိုတော်၊ မော်ဒယ်တွေကလည်း သြင်္ကန်အတွက်ပြည်ပထွက်ဝယ်ကြ၊ ဖက်ရှင် ဆိုင်တွေကိုမှာကြ၊ ဒီဇိုင်နာတွေကို အပ်ကြနဲအလုပ်ရှုပ်နေကြပါပြီ၊ မိတ်ကပ်၊ ဆံပင်အလှပြင်ဆိုင်တွေမှာလည်း သြင်္ကန်နဲ့ပတ် သက်တဲ့ဆန်းသစ်တဲ့ ဒီဇိုင်းတွေကိုကြိုတင်မှာနေကြပြီလို့သိရပါတယ်။သြင်္ကန်မှာ ဘယ်လိုပြင်ဆင်မှုတွေ ခေတ်စားမလဲ   တိုနီထွန်ထွန်းကတော့ ''ဒီနှစ် သြင်္ကန်မှာ ဆံပင်ညှပ်တဲ့ပုံစံ၊ ကောက်တဲ့ပုံစံတွေပိုဆန်းလာလိမ့်မယ်။ အရောင်ဆိုးတာတွေလဲ ပိုဆန်းလာလိမ့်မယ်လို့ ဆိုပါတယ်။ သြင်္ကန်မှာ ဆံပင်အရောင် တောက်တောက်တွေ ခေတ်စားလိမ့်မယ်၊ ပန်းရောင်တောက် တောက်၊ အစိမ်းတောက်တောက်၊ အဝါတောက်တောက်တွေပေ့ါ၊ ဆံပင်ညှပ်တာမှာလဲ ဝမ်းလိုင်းတူးလိုင်းတွေ၊ တူးဘလောက် ပုံစံတွေခေတ်စားမယ်။ ဝမ်းလိုင်းညှပ်ပြီး ဘေးမှာကနုတ်ပန်းဖော်ပြီး ဆေးရိုက်တာတွေလဲရှိမယ်၊ အမျိုးသမီးတွေကရေစိုခံတဲ့ အကောက်တွေ၊ ခါးလောက်အထိအ ရှည်ကို အရင်းကအဖျားထိကောက်တဲ့ စပလိန်ကောက်တွေ ဇီဇက်ကောက်တွေ လုပ်ကြ မယ်ထင်တယ်၊ မျက်နှာပြင်ဆင်မှုအပိုင်းမှာတော့ အမျိုးသားတွေက အီမိုစတိုင်၊ ပန့်စတိုင်မှာ အိုင်းရှဲဒိုးအရောင်တောက် တောက်တွေထည့်မယ်၊ အိုင်းလိုင်နာအမဲတွေကို နားထင်ဘက်အထိဆွဲထုတ်ကြမယ်၊ ပါးပြင်မှာကနုတ် ပန်းတွေဖော်ကြမယ်၊ အရောင်လက်လက်တွေကပ်ကြမယ်ထင်တယ်။ အခုထဲကဆိုင်မှာ ကြိုတင်စာရင်းပေးနေတာတွေရှိနေပြီ'' လို့ တိုနီထွန်းထွန်းက ထပ်လောင်းပြောပါတယ်။   သြင်္ကန်မှာရေပက်ခံထွက်ရင်း ရေကစားရင်း နေဒဏ်၊ လေဒဏ်၊ ရေဒဏ်တွေကြောင့် ဆံပင်နဲ့အသားအရည်တွေ ပျက်စီးစေနိုင် ပါတယ်။ ဒါကိုသြင်္ကန်ပြီးတဲ့အထိစောင့်မနေဘဲ သြင်္ကန်တွင်းမှာဘဲ နေ့လည်ဘက်ကစားပြီး ညပြန်ရောက်တဲ့အခါ Treatment လုပ်ဖို့လိုအပ်ကြောင်း တိုနီထွန်းထွန်းကပြောပါတယ်။   ''ညအိမ်ရောက်တာနဲ့ ဆံပင်ကို Shampoo နဲ့လျှော်၊ Treatment လုပ်၊ Lotion တွေလိမ်း၊ မျက်နှာကိုလည်း Clearning လုပ်၊ တိုနာလူးရမယ်၊  Body Lotion တွေလူးရမယ်၊ သြင်္ကန်ပြီး တစ်ပတ်နှစ်ပတ်အထိ ဆက်တိုက်လုပ်ရမယ်၊ ဒါမှသူ့ရဲ့ဆိုးကျိုး ကာကွယ်နိုင်မယ် လို့'' ရှင်းပြပါတယ်။   ဒီနှစ်သြင်္ကန်မှာ အမျိုးသမီးတွေ အနေနဲ့ ရေစိုကောက် ဆံပင်တွေကို စကတ်ပုဝါလေးတွေနဲ့ စည်းထားကြမယ်ထင်တယ်လို့ မိတ်ကပ်ပေါက်ပေါက် (စမ်းချောင်း) ကပြောပါတယ်။ ကိုရီးယား အောက်ရှုးအကီၤျလေးတွေကို ဘွတ်ရှူး၊ လေဒီရှူးတွေနဲ့ ဝတ် ဆင်တာမျိုး ခေတ်စားနိုင်မယ်လို့ ပေါက်ပေါက်ကခန့်မှန်းထားပါတယ်။   ရင်ပြတ်အင်္ကျီလေးတွေပေါ်က ကုတ်အင်္ကျီတွေ ထပ်ဝတ်တာမျိုးလည်း ခေတ်စားမယ်ထင်တယ်၊ ဆံပင်အတုတွေတပ်ကြမယ်၊ ထင်းထင်းလင်းလင်း လေးဖြစ်နေအောင်လိမ်းကြလိမ့်မယ် လို့ ပေါက်ပေါက်ကထပ်မံပြောပါတယ်။   သြင်္ကန်ရက်မှာရော သြင်္ကန်ပြီးမှာရော အဆင်ပြေကြမဲ့သူတွေထဲမှာ ဆံပင်မိတ်ကပ်အလှပြင်သူတွေလဲပါဝင်ကြပါတယ်။ သြင်္ကန် ရက်တွေမှာ ဆံပင် ဆေးဆိုးခ၊ ကောက်ခ၊ ဖြောင့်ခ၊ မိတ်ကပ်ပြင်ခတွေရမှာဖြစ်သလို သြင်္ကန်ပြီးရင်လည်း မူလအသားအရည်၊ မူလဆံပင်ပြန်ရအောင်လုပ်ကြဦးမှာဖြစ်တဲ့အတွက် နှစ်ခါပြန်ပြီးပိုက်ဆံရကြမယ့်သူတွေပါပဲ။   အနုပညာရှင်၊ မင်းသား မင်းသမီး မော်ဒယ်တွေ အဆိုတော်တွေကတော့ အဓိကဖျော်ဖြေဖို့  ရွေးချယ်ထားတဲ့မဏ္ဍပ်တွေကို သွားကြမှာပါ။   တချို့က ရန်ကုန်။ တချို့က မန္တလေး၊ တချို့ ကနေပြည်တော်၊ လားရှိုး၊ တောင်ကြီး စသည်ဖြင့် နေရာအစုံသွားရောက်ဖျော်ဖြေ ကြဖို့ ပြင်ဆင်နေကြပါ တယ်။   သြင်္ကန်သီချင်းခွေတွေကလည်း မတ်လထဲမှာတစ်ခွေပြီး တစ်ခွေထွက်ရှိ နားဆင်နေရပြီဖြစ်ပါတယ်။ ရာသီစာဖြစ်လို့ လူငယ် ပရိသတ်ရော လူကြီးတွေ ကပါ နှစ်သက်ကြပါတယ်။အပျော်ဆုံးကလေးတွေ   သြင်္ကန်ရေသဘင်ပွဲဆင်နွဲှဖို့ စိတ် အားထက်သန်မှုအရှိဆုံးသူတွေကတော့ ကလေးတွေပါပဲ။ ကလေးတွေကတော့ သြင်္ကန်ရက် မှာရေပက်ဖို့ ရေပြွတ်တွေ၊ ရေပိုက်တွေ၊ ရေပုံးတွေဝယ်ယူကြဖို့ မိဘတွေဆီမှာ ပူဆာနေကြပါပြီ၊ ဈေးကွက်ထဲမှာလည်း ပြည်တွင်း ဖြစ်၊ ပြည်ပဖြစ်နှစ်မျိုးလုံးရောင်းချနေတာတွေ့ရပါတယ်။   ကလေးမိဘတစ်ဦးကတော့ ''သားနဲ့သမီးအတွက် လမ်းထိပ်မှာ ရေပက်ဖို့စတီးပိုက်ဝယ်ပေးရမယ်၊ မနှစ်ကငယ်သေးတယ်ဆိုပြီး ဝယ်မပေးခဲ့ဘူး၊ အခုနှစ်တော့မရဘူး၊ အတင်းပူဆာနေကြတယ်၊ ဈေးမေးကြည့်တော့လည်း စတီးပြွတ်တွေက ဈေးအမျိုးမျိုးပါဘဲ၊ အနိမ့်ဆုံးနှစ်ထောင်ကနေ သောင်းကျော်အ ထိရှိတယ်၊ မတတ်နိုင်ဘူးလေ၊ တစ်နှစ် တစ်ခါပျော်ကြရတာဆိုတော့ ဝယ်ပေးရမှာပဲ'' လို့ဆိုပါတယ်။စတုဒီသာ   သြင်္ကန်ပွဲတော်မှာ ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုကတော့ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းပဲဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေ စုပြီး ဘာမုန့်တွေလုပ်ရင်ကောင်းမလဲ၊ ကျွေးမွေးဖို့ပြင်ဆင်နေကြပါပြီ။ သြင်္ကန်နဲ့တွဲဖက်နေတဲ့ မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေးကတော့ မပါမဖြစ်ပါကြမှာပါ။   သြင်္ကန်ပွဲတော်ဟာ ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်သလို ဘာသာရေးနဲ့ဆက်စပ်နေတဲ့ ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ လူကြီးသူမတွေနဲ့ လူငယ်တစ်ချို့ကလည်းတရားစခန်းဝင်ဖို့၊ ဥပုသ်သီလယူဖို့၊ ရဟန်းခံရှင်ပြုလုပ်ဖို့၊ ဘုရားကျောင်းကန်တွေ သွားရောက်လည်ပတ် သူတွေ ဖူးမျှော်ဖို့ စီစဉ်နေကြပါပြီ။   တချို့ကတော့ သြင်္ကန်ပိတ်ရက်ရှည်မှာ ကမ်းခြေမှာအနားယူဖို့သွားကြပါတယ်။ တချို့ကတော့ ဘုရားဖူးခရီးစဉ်တွေနဲ့ လိုက် ပါပြီး ခရီးထွက်ဖို့ပြင်ဆင်နေကြပါတယ်။   အခုလိုသြင်္ကန်ရက်မှာ တချို့ကအပူဒဏ်ခံနိုင်မဲ့ မေမြို့၊တောင်ကြီး၊ အင်းလေး၊ ပင်းတယဘက်ကိုသွားကြတယ်၊ တချို့က မူဆယ်ရွှေလီ၊ တရုတ် ပြည်ခရီးစဉ်တွေသွားဖို့မှာတယ်၊ တချို့ကပုဂံ၊ ညောင်ဦး၊ မန္တလေးဘက်သွားကြမယ်လို့ ခရီးသွားကုမ္ပဏီ တွေကပြောကြပါတယ်။   သြင်္ကန်ရက်မှာ မိသားစုအလိုက် အပေါင်းအသင်းအဖွဲ့အလိုက် ခရီးထွက်ဖို့ ကိုယ်တတ်နိုင်တဲ့ ငွေကြေးနဲ့ အဆင်ပြေမဲ့နေရာ လေးတွေကို ရွေးချယ်စုံစမ်းနေကြပါပြီ။   မြန်မာနိုင်ငံရဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေထဲမှာ လူကြီးလူငယ်အလွှာစုံနှစ်သက်မြတ်နိုးကြတဲ့ ပွဲတော်ကတော့ သြင်္ကန်ပွဲတော် ပါဘဲ။ ပိတောက်ပန်းရနံနဲ့အတူ အေးမြတဲ့ အတာရေနဲ့ပက်ဖျန်းကြမဲ့ သြင်္ကန်ပွဲတော်ကို အားလုံးကကြိုဆိုနေကြပါပြီ။       နှစ်တွေဘယ်လိုပြောင်းပြောင်း မြန်မာတို့ရဲ့ အတာသြင်္ကန်ပွဲတော်ကတော့ ဘယ်တော့မှမဟောင်းနို်င်ပါဘူး၊ နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ဆက်လက်စည်ကားနေဦးမှာပါဘဲ။ ယခု ၁၃၇၁ ခုနှစ် မဟာသြင်္ကန်ပွဲတော်ပြီးဆုံးသွားရင် ၁၃၇၂ ခုနှစ် မဟာ သြင်္ကန်ကိုဆက်လက်မျှော်နေကြဦးမှာပါ။