Main menu

Background

မြန်မာနိုင်ငံတွင်ပထမဦးဆုံးမြင်းစီးအသင်းဖွင့်လှစ်မည်

Fri, 02/19/2010 - 07:50 -- Anonymous (not verified)

    Nature's life မွေးမြူရေးလုပ်ငန်းနဲ့ နို့နှင့် နို့ထွက်ပစ္စည်းရောင်းဝယ်ရေးမှ မြန်မာနိုင်ငံမှာ ပထမဦးဆုံး မြင်းစီးအသင်းကို မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင် အရှေ့ဘက်၊ ဆည်မြောင်းဝင်း အရှေ့ဘက်ကပ်လျက်ရှိ ရေထွက်ကျေးရွာမှာ မတ်လကုန်ပိုင်းဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။     ''မြင်းစီးအသင်းကို လောင်းကစားတစ်ရပ်အနေနဲ့ မဟုတ်ဘဲ ကျန်းမာရေးလေ့ကျင့်ခန်း တစ်ရပ်အနေနဲ့ ဖွင့်လှစ်ခြင်းဖြစ်တယ်။ မြန်မာ့ရိုးရာ မြင်းစီးအတတ်ပညာ ပြန်လည်ပေါ်ပေါက် ရေးအတွက် စီစဉ်ခြင်းဖြစ်ပါတယ်။ အခုတော့ ကွင်းမှာမြေညှိပြီး လိုအပ်တာတွေ ဆောင်ရွက် နေတယ်။ သက်ဆိုင်ရာနဲ့ညှိနှိုင်းပြီး မတ်လကုန်ပိုင်းမှာ ဖွင့်လှစ်နိုင်အောင် စီစဉ်သွားမယ်။ မြင်းက အင်္ဂလန်သွေးနှောတဲ့ မြင်း ၁၃ကောင်မွေးထားတယ်။ အစကတော့ မြင်းလိမ္မာ မျိုးကောင်း မျိုး သန့်ကို ထိန်းသိမ်းတဲ့အနေနဲ့ မွေးမြူဖို့စီစဉ်တာ။ နွေအခါမှာ မန္တလေး ရာသီဥတုပူတော့  ညနေ စောင်းဆို ဆည်မြောင်း၊ ချောင်းဘက်ကိုလာရောက်အပန်းဖြေကြတယ်။ ဒါကြောင့် အပန်းဖြေရင်း ကျန်းမာရေး လေ့ကျင့်ခန်းတစ်ရပ်ပြုလုပ်လို့ရအောင် နေ့ပိုင်း၊ ညပိုင်း အချိန်ခွဲပြီး ဖွင့်ဖို့ စီစဉ် မယ်''လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။     မြင်းစီးကွင်းမှာ ပေ ၇ဝ ပတ်လည်ကွင်း၊ ပေ ၁၆ဝ နှင့် ၈ဝ ရှိတဲ့ ကွင်းကျွမ်းကျင် အဆင့် စီးနိုင်တဲ့ ပေ ၁ဝဝဝ ပတ်လည်ကွင်းများ ပြုလုပ်ထားပါတယ်။ မိသားစုအလိုက် လာရောက် အပန်းဖြေနိုင်ဖို့အတွက် ကလေးများပါ ကစားနိုင်တဲ့ ကစားစရာပစ္စည်းများ ထားရှိမှာဖြစ်ပြီး ပွဲ ကြည့်စင်ပါရှိမှာ ဖြစ်ပါတယ်။ မြင်းမစီးတတ်သူများအတွက် မြင်းစီးသင်တန်းဖွင့်လှစ်၍ မြန်မာ နိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင်များဖြင့် သင်ကြားပေးမှာဖြစ်ကြောင်း သိရပါတယ်။ ''မြင်းစီးသင်တန်းကို သင်တန်းကြေး ၅ဝဝဝ ကျပ် သတ်မှတ်ထားပါတယ်။ ဖြေးဖြေး၊ အမြန်၊ ခြေလှန်းကြဲ၊ ခြေလှမ်းစိတ်၊ ဒုန်းစီး ဆိုပြီး ငါးမျိုးခွဲသင်ပေးမယ်။ ခါးအနေအထား၊ အသက်ရှုအနေ အထား ပြောပေးမယ်။ မြင်းစီးဝါသနာပါသူတွေအတွက် ကျွမ်းကျင်သွားရင် တောင်ပေါ်ကို စီးခွင့် ပြုမယ်။ လမ်းမှာ မြင်းသောက်ဖို့ ရေပုံးတွေ ချထားမယ်။ မြင်းစီးတဲ့သူတွေအတွက်လည်း Nature's life  က ထွက်တဲ့နွားနို့နဲ့ ကြက်ဥပြုတ်ကျွေးမယ်''လို့ ဆက်လက်ပြောပါတယ်။  ဇူးဇူး