ဖျာပုံမြို့နှင့် နောက်မီးကျေးရွာသည် ကားလမ်း ၃၈မိုင် ကွာဝေးသည်။ ပင်လယ်ပိုင်းဒေသဖြစ်သော နောက်မီးကျေးရွာသည် မျှင်ငါးပိလုပ်ငန်းကို အဓိက အားထားလုပ်ကိုင်ကြသူများဖြစ်သည်။ လုပ်ငန်းရှင်တစ်ဦးလျှင် ငါးဖမ်းရေယာဉ် အနည်းဆုံး နှစ်စီးမှ ငါးစီးထိရှိပြီး ရေယာဉ်တစ်စီးတွင် ပင်လယ်ထွက် ဝါးဖောင်ရှစ်ဖောင်ရှိသည်။ မျှင်ငါးပိကြတ်ခွဲထုတ်လုပ်သည့် အလုပ်ရုံတွင် အလုပ်သမား ၇၀ မှ ၁၀ဝ ကျော်ရှိကြသည်။ မြန်မာပြည်တွင်း မြို့နယ်အသီးသီးသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိသော မျှင်ငါးပိသည် နောက်မီးကျေးရွာနှင့် ကဒုံကနိကျေးရွာတို့မှ ထွက်ရှိကြောင်းသိရသည်။
နှစ်တစ်နှစ်၏ စက်တင်ဘာလမှ ဧပြီလကုန်ထိ ပင်လယ်ငါးဖမ်းခြင်း ကို လုပ်ကိုင်ကြသည်။ ပင်လယ်ငါးပေါင်းတစ်စီးအနေဖြင့် တစ်လလျှင် ၁၀ ခေါက်မှ ၁၂ခေါက်အထိ အဝင်အထွက်ရှိပြီး ရေယာဉ်တစ်ခေါက်လျှင် မျှင် နှင့်ငါးမျိုးစုံအလေးချိန် ၁၀တန်မှ ၁၅တန်အထိ ရရှိသည်။ ရရှိလာသော ငါးပေါက်နှင့်မျှင်ကောင်များကို ပင်လယ်ထဲတွင် ဆားကြမ်း တစ်ခါတည်းပေါက်လာခဲ့ကြသည်။ ငါးကုန်ချိန် ပိဿာချိန်တစ်သောင်းကို ဆားကြမ်းပိဿာချိန် နှစ်ထောင်ခန့် ပေါက်ရသည်။
ပင်လယ်ငါးပေါင်းရေယာဉ်မှ သယ်ယူလာသော ငါးပေါက်နှင့်မျှင်ကောင်များကို ကမ်းပေါ်သို့တင်ပြီး အိုင်အိုဒင်းဆား ပိဿာချိန် ၃၀ဝ မှ ၅၀ဝ အထိ ကုန်အရည်အသွေးပေါ်ကြည့်၍ သုံးရသည်။ တစ်ညအိပ်ထားပြီး လှန်းစင်များတွင် နေလှန်းရသည်။ တစ်နေ့ကို နေလှန်းချိန် ခုနစ်နာရီမှ ရှစ် နာရီအထိ ကြာအောင် နေလှန်းရသည်။ နေလှန်းပြီးပါက ငါးပေါက်နှင့် မျှင်ကောင်ခွဲသည့် ခါစက်ဖြင့် ခါချ၍ ခွဲထုတ်ရသည်။ ရရှိလာသောမျှင်များကို ကြိတ်စက်ဖြင့် ငါးပိကြိတ်ရသည်။ တစ်နာရီကို မျှင်ပိဿာချိန် ၃၀ဝ၀ ခန့် ကြိတ်နိုင်သည်။ ကြိတ်ပြီးသာမျှင်များကို ညသိပ်ထားရသည်။ အကြာဆုံးရက်မှာ တစ်ပတ်သိပ်ထားရသည်။ ကြာကြာညသိပ်ထားလေ ငါးပိမွှေးပြီး ပိုကောင်းလေဖြစ်သည်။ ညသိပ်ထားပြီးသောမျှင်များကို ဒုတိယကြိမ် ထပ် ကြိတ်ရသည်။ တစ်ရက်ထားပြီး တတိယအကြိမ် ထပ်ကြိတ်ရပြန်သည်။ ထို့နောက် အသင့်စား မျှင်ငါးပိများရရှိပြီဖြစ်သည်။ အသင့်စားမျှင်များကို အလေးချိန် ၅၂ ပိဿာဝင် အိတ်များဖြင့်ထည့်၍ ဘုရင်နောင်ပွဲရုံသို့ လည်းကောင်း၊ ဒေသအသီးသီးရှိ အမှာရှိ မြို့ကြီးများသို့လည်းကောင်း တင်ပို့လျက်ရှိသည်။ ယမန်နှစ်က တစ်ပိဿာကို ၂၀ဝ၀ ကျပ်ရရှိပြီး ယခုနှစ်တွင် ၂၄၀ဝ ကျပ် ရရှိသည်။
မျှင်ငါးပိလုပ်ငန်းရှင်တစ်ဦးလျှင် တစ်နှစ်ကို မျှင်ငါးပိ ပိဿာချိန် ငါးသိန်းခန့်ထုတ်လုပ်နိုင်ပြီး နှစ်စဉ်ပုံမှန်လည်ပတ်ငွေ ကျပ်သိန်း ၃၀ဝ၀ ခန့်သုံးစွဲရသည်။ လုပ်ငန်းရှင်များအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်၍ လက်ဆင့်ကမ်းယူခဲ့ကြပြီး သမားရိုးကျ လုပ်ကိုင်ခဲ့ကြသည်။
ကုန်ပေါ်လုပ်သားတစ်ဦးလျှင် စရိတ်ငြိမ်း အနိမ့်ဆုံးလစာ ကျပ် တစ်သိန်းခွဲမှ သုံးသိန်းအထိပေးရပြီး ပင်လယ်ထွက်ရေယာဉ်တစ်စီးကို ဝါးဖောင် ရှစ်ဖောင်ပါရှိပြီး လုပ်သား လေးဦးအသုံးပြုရသည်။တစ်ဦးလျှင်တစ်လ ကျပ် သုံးသိန်း၊ ဖောင်ဦးစီးကို ကျပ် ငါးသိန်းပေးရသည်။ အဆိုပါအလုပ်သမား များနေထိုင်ရန် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးထားရပြီး ကျန်းမာရေးကအစ တာဝန်ယူရသည်။
မျှင်ငါးပိလုပ်ငန်းရှင်တစ်ဦးလျှင် တစ်နှစ်ကို မျှင်ငါးပိ ပိဿာချိန် ငါးသိန်းခန့် ထုတ်လုပ်နိုင်ပြီး နှစ်စဉ်ပုံမှန်လည်ပတ်ငွေ ကျပ်သိန်း ၃၀ဝ၀ခန့် သုံးစွဲရသည်။ လုပ်ငန်းရှင်များအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်၍ လက်ဆင့်ကမ်းယူခဲ့ကြပြီး သမားရိုးကျ လုပ်ကိုင်ခဲ့ကြသည်။
ယခုအခါ စက်ရုံတည်ဆောက်မည့် မြေယာအလုံအလောက်ရှိသောကြောင့် ခေတ်မီမျှင်ငါးပိကြိတ်ခွဲထုတ်လုပ်သည့်စက်ရုံ တည်ဆောက်၍ ထုပ်ပိုးမှုကောင်းကောင်းဖြင့် တံဆိပ်ကပ်၍ အများပြည်သူ လူတန်းစားမရွေးစားသုံးနိုင်သည့် အသင့်စားမျှင်ငါးပိ ၁၀ဝ ကျပ်တန်မှအစ ဈေးနှုန်းအလိုက် အသင့်စားဘူးများ၊ အထုပ်များဖြင့် ထုတ်လုပ်ချင်ပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်သည်အထိ လုပ်ကိုင်လိုသော်လည်း နည်းပညာနှင့် အရင်းအနှီးများမရှိသဖြင့် တိုးချဲ့လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း၊ သက်သာအတိုးနှုန်း၊ နည်းပညာများ ရရှိမည်ဆိုပါက ဆောင်ရွက်လိုကြောင်း၊ ၎င်းတို့၏ အိပ်မက်များအား အကောင်အထည်ဖော်လိုကြောင်း ပြောကြားသည်ကို ကြားသိခဲ့ရသည်။
မင်းဇော်မွန်(ဖျာပုံ)
Background