Main menu

Background

ရေစကြိုမြို့နယ်အတွင်း မိုးစိုက်(ခေါ်) ဥစိုက် ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ

Tue, 10/10/2023 - 11:24 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ပေါင်းဆုံရာ မြစ်ရေကြီးချိန်တွင် ရေဝင်ရောက်သည့် ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းကျေးရွာ များဖြစ်သည့် ကုန်းတလင်း၊ ဇီးကုန်း၊ ဇီးကုန်းကျွန်း၊ သူဌေးကုန်း နှင့် ကန်ဒေါင့်ကျေးရွာများတွင် မြစ်ရေကျချိန် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မိုးစိုက် (ခေါ်) ဥစိုက် ကြက်သွန်နီများ အများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
မျိုးဥများအနေဖြင့် ယခင်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တို့တွင် စိုက်ပျိုးသည့် ပျိုးပင်စိုက် ကြက်သွန်နီများမှ ထွက်ရှိလာ သည့် ဒေသခေါ် (ကျမ်းကျွံ)  ဥသေးများနှင့် မျိုးစေ့ကို ကြဲပက်၍ စိုက်ပျိုးရာမှ  ထွက်ရှိလာသည့် ဒေသခေါ် (ဇော်မွှား) မျိုးဥများကို စိုက်ပျိုးကြကြောင်း မျိုးဥတစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ဝယ်ယူရ ကြောင်း၊ တစ်ဧက စိုက်ပျိုးရာတွင် မျိုးဥ ၃၀ဝ မှ ၃၅၀ ပိဿာခန့် ကုန်ကျကြောင်း၊ မျိုးဥအရွယ်အစား အကြီး၊  အသေးပေါ်တွင် မူတည်၍  တစ်ဧကကုန်ကျမူပိဿာများ ကွာခြားလျက်ရှိကြောင်း၊ ယခုနှစ်တွင် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ် ၂၅၀ဝ၀ဝ၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က မျိုးဥတစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ ၂၀ဝ၀ ခန့် ဝယ်ယူစိုက်ပျိုးရပြီး တစ်ဧက ကုန်ကျစရိတ် အနေဖြင့် ကျပ် ၁၅၀ဝ၀ဝ၀ ခန့် ကုန်ကျကြောင်းကို ကုန်းတလင်း ကျေးရွာမှ စိုက်ပျိုးတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရ သည်။ မိုးစိုက် (ခေါ်) ဥစိုက်ကြက်သွန်နီများကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် တူးဖော်ရမည်ဖြစ်ကြောင်း၊ တစ်ဧက အထွက် နှုန်းအနေဖြင့် ပိဿာ ၃၀ဝ၀ မှ  ၃၅၀ဝ ခန့်  ထွက်ရှိနိုင်ကြောင်း၊ ယခုဈေးနှုန်းအနေဖြင့် ကျပ် ၂၅၀ဝ မှ ၃၀ဝ၀ ခန့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။ ကုန်တလင်းကျေးရွာတွင် တောင်သူ ၁၀  ဦး၊ ၂၅ ဧက စိုက်ပျိုးကြပြီး  မိမိအနေဖြင့် ယခုနှစ်တွင် သုံး ဧကခန့် စိုက်ပျိုးထားကြောင်း၊ ပတ်ဝန်းကျင်ရှိ  ကျေးရွာများတွင် လည်း ဧက ၅၀ဝ ခန့် စိုက်ပျိုးကြကြောင်း တူးဖော်ချိန်တွင် ကြက် သွန်နီ တစ်ပိဿာ ဈေးနှုန်းအနေဖြင့် ယခုလက်ရှိဈေးနှုန်းအတိုင်း အပြောင်းအလဲမရှိ ရာသီဥတုလည်းကောင်းမွန်ပြီး ခန့်မှန်းအထွက် နှုန်းအတိုင်း ထွက်ရှိမည်ဆိုပါက တောင်သူများအနေဖြင့် အကျိုး အမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

မြတ်မင်း (ပခုက္ကူ)