Main menu

Background

ဆိပ်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိနေ

Mon, 11/20/2023 - 11:13 -- journal_editor

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ  မိုးမြေပဲများ လှိုင်လှိုင်တူးဖော်ပြီးဖြစ်သဖြင့် မိုးမြေပဲများကို ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးပြီး အောက်တိုဘာလကုန်ပိုင်းတွင် တူးဖော် ရိတ်သိမ်း ကြရသည်။ နှစ်စဉ် ကုန်းတွင်းပိုင်း  ယာမြေများတွင် မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊  ပဲတီစိမ်းသီးနှံစုံ  စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် စ၍ဈေးကွက်ခိုင်မာလျက်ရှိသော ဆီထွက်သီးနှံ မိုးမြေပဲ သုံးလပင်ပြန့်မျိုးကို အများဆုံး စိုက်ပျိုးကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ 
သီးနှံစိုက်ပျိုးထွက်ရှိမှု အခြေအနေအားသိရှိရန် မြေပဲစိုက်တောင်သူ ဦးမင်းမင်းနှင့် ဆက်သွယ် မေးမြန်းရာ ယခုနှစ်တွင် မိုးမြေပဲသုံးဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင် အလုပ်သမားရှားပါးပြီး ကုန်ကျစရိတ်များသော်လည်း ဈေးကွက်ခိုင်မာပြီး ရောင်းလိုအား ဝယ်လိုအားကောင်းသော မြေပဲကို နှစ်စဉ်စိုက်ပျိုးကြောင်း၊ မြေပဲခင်းတွင် သီးညှပ်အဖြစ် ပဲစင်းငုံနှင့် ပဲတီစိမ်းသီးနှံ စိုက်ပျိုးကြောင်း သိရှိ ရသည်။
ဆီထွက်သီးနှံ သုံးလမြေပဲမျိုးများကို ဇူလိုင်လတွင် စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်း ကြောင်း၊ စိုက်ဧကသုံးဧကခန့် စိုက်ပျိုးရာတွင် မြေပဲမျိုးစေ့အဆန် ငါးတင်းခန့် ကုန်ကျကြောင်း၊ ယခုနှစ် တွင် သွင်းအားစုအမျိုးမျိုး ဈေးနှုန်းမြင့်တက်ခြင်း၊ အလုပ်သမားငှားရမ်းခ မြင့်တက်ခြင်းကြောင့် ကုန်ကျ စရိတ်များကြောင်း ဒေသခံတောင်သူ၏ ပြောကြားချက်အရ သိရှိရသည်။
ယခုနှစ်တွင် မြေပဲစိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ ရာသီဥတုကောင်းမွန်ခြင်းကြောင့် မြေပဲအထွက် တင်းနှစ်ဧကလျှင် တင်း ၃၀ မှ ၃၅ အထိ ထွက်ရှိကြောင်း၊ စိုက်တောင်သူ ဦးမင်းမင်းသည် ယခုနှစ် သုံး ဧက စိုက်ပျိုးထားပြီး တင်း ၁၀ဝ ဝန်းကျင်ခန့် ထွက်ရှိကြောင်း၊ သီးနှံပေါ်စ ဒေသပေါက်ဈေး အတောင့် (အခြောက်)တစ်ပိဿာ ကျပ် ၃၀ဝ၀၊ တစ်တင်းလျှင် ကျပ် ၂၄၀ဝ၀ ခန့်ရှိကြောင်း၊ ဝင်ငွေမှာ ကျပ် ၂၄ သိန်းခန့်ရရှိမည်ဖြစ်ကြောင်း ကုန်ကျစရိတ်မှာ ကျပ် ၁၅ သိန်းခန့်ကုန်ကျ၍ ကျပ်ကိုးသိန်းခန့် အကျိုး အမြတ်ရရှိမည်ဖြစ်ကြောင်း တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိစေရန် မြေပဲတောင့်များကို နေလှန်းအခြောက်ခံပြီး ခွဲပြီးသော အဆန်များကို ကိုင်းကျွန်းမြေများ၌ နိုဝင်ဘာလကုန်ပိုင်းတွင် စိုက်ပျိုး ရန်အတွက် မျိုးမြေပဲဆန်များ ရောင်းချခြင်းအပြင် ဆီစက်များ၊ ပွဲရုံများသို့ ရောင်းချကြောင်း သိရှိရသည်။ 
ယခုနှစ် ဒေသတွင်း သီးနှံပေါ်ချိန်တွင် မြေပဲဈေးကွက် ကျဆင်းသော်လည်း အထွက်နှုန်း ကောင်း မွန်ခြင်းကြောင့် ဆီထွက်သီးနှံ မိုးမြေပဲများ စိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေ ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။ 

 

မြင့်မြင့်သန်း(ပခုက္ကူ)