ကြက်သွန်ဖြူသည် ရှမ်းပြည်နယ်၏ အဓိကထွက်ကုန်တစ်မျိုးဖြစ်သည်။ မြန်မာကြက်သွန်ဖြူ ဈေးကွက်တွင် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်)နှင့် ရှမ်းကြက်သွန်ဖြူတို့ အားပြိုင်နေကြသည်။ မြန်မာ နိုင်ငံ ကြက်သွန်ဈေးကွက်တွင် ရှမ်းကြက်သွန်ဖြူ အရည်အသွေးနှင့်ဈေးနှုန်းအရ ဈေးကွက်ဝေစု ၃ ပုံ ၂ပုံ နှင့် တရုတ် ကြက်သွန်ဖြူ(ကြူကုတ်)သည် ဈေးကွက်ဝေစု ၃ပုံ ၁ပုံခန့် ရရှိနေသည်။
ကြက်သွန်ဖြူသည် မိသားစုတိုင်း စားသုံးကြသည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ ကြက်သွန်ဖြူ သုံးစွဲမှုအရ လူတစ်ဦးလျှင် တစ်ရက် သုည ဒသမ ၁၂ကျပ်သား၊ တစ်လလျှင် သုည ဒသမ ဝ၄ ပိဿာနှင့် တစ်နှစ်လျှင် သုည ဒသမ ၄၃ ပိဿာ ခန့် စားသုံးနေသည်ဟု လေ့လာသိရှိရသည်။ အောင်ပန်း ဒေသ ကြက်သွန်ဖြူ ကုန်သည်၊ ပွဲစားများသည် ကြက်သွန်ဖြူပေါ်ချိန်တွင် တစ်ရက်လျှင် ကုန်စည် ပိဿာ ချိန် ၈၀ဝ၀ခန့်နှင့် ရောင်းဝယ်မှုပါးချိန်တွင် တစ်ရက်လျှင် ပိဿာချိန် ၂၀ဝ၀ ခန့် မြန်မာပြည်အနှံ့ တင်ပို့ ရောင်းဝယ်လျက်ရှိသည်။
တရုတ်ကြက်သွန်ဖြူ(ကြူကုတ်)သည် အလုံးဆိုဒ်ကြီး၍ ဈေးနှုန်းသင့်တင့်သဖြင့် စားသောက်ဆိုင် အသေးစားလုပ်ငန်းများတွင် အသုံးများသည်။ အနံ့အရသာမှာ ရှမ်းကြက်သွန်ဖြူလောက် မပြင်းဘဲ အလုံးဆိုဒ်ကြီး၍ အသုံးပြုရာတွင် လက်မဝင်ဘဲ အခွံခွာရလွယ်ကူစေသည့်အတွက် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်)သည် ရှမ်းမြောက်မှတစ်ဆင့် မြန်မာပြည်တွင်းသို့ စီးဆင်းဝင်ရောက်လာသည်။
ရှမ်းကြက်သွန်ဖြူကို သြဂုတ်လနှင့် စက်တင်ဘာတို့တွင် စိုက်ပျိုးရန် မြေပြုပြင်ခြင်းပြုလုပ်ကြသည်။ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုး၍ ဒီဇင်ဘာလမှ ဇန်နဝါရီလတို့တွင် အပင်ပြုစုခြင်း ဆောင် ရွက်ကြပြီး ဖေဖော်ဝါရီလမှ မေလတို့တွင် ရိတ်သိမ်းတူးဖော်၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြသည်။ တောင်သူများကလည်း သီးနှံထွက်ချိန်မှစ၍ သိုလှောင်ပြီး သင့်တင့်သောဈေးနှုန်းရလျှင် ရောင်းချကြပေ သည်။
ထို့ကြောင့် နှစ်တစ်နှစ်ကို နှစ်ပိုင်းခွဲလျှင် ဇူလိုင်လမှ ဒီဇင်ဘာလအထိ (၆)လခန့် စိုက်ပျိုးပြုစု ရိတ်သိမ်းချိန်ဖြစ်ပြီး တောင်သူများထံတွင် လက်ကျန်ပါးနေသည့်အချိန်ဖြစ်သည်။ ကျန်သည့် ဇန်နဝါရီမှ မေလအထိ တောင်သူများ ကြက်သွန်ဖြူပေါ်ချိန်တွင် သိုလှောင်၍ ဈေးကောင်းစောင့်ချိန်ဖြစ်ပေသည်။ ထို့ကြောင့် စက်တင်ဘာ- အောက်တိုဘာ-နိုဝင်ဘာလများသည် တောင်သူများထံတွင် သီးနှံ လက်ကျန် ပါး၍ ဈေးကွက်သို့ အဝင်ပါးချိန် ဈေးတက်လေ့ရှိချိန်အဖြစ် သုံးသပ်ရပေမည်။ ထိုသို့ ဆောင်းဦးပေါက် ပွင့်လင်းရာသီတွင် မြန်မာပြည်တစ်ဝန်းအလှူအတန်း ပြုလုပ်ကြရာ ဟင်းအမယ်များတွင် ပါဝင်အသုံး ပြုရသော ကြက်သွန်ဖြူသည် ဈေးကွက်လိုအပ်ချက်ဖြစ်လာသည်။
ရှမ်းတောင် ကြက်သွန်ဖြူ စိုက်ဧကမှာ ၂၀၂၂ ခုနှစ်တွင် နယ်မြေဒေသအခြေအနေကြောင့် စိုက် ဧက အနည်းငယ်လျော့ကျပြီး အထွက်နှုန်းလျော့ကျခြင်းတို့ကြောင့် ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းတွင်ဈေးကွက် လိုအပ်ချက် ဖြစ်ပေါ်လာသည်။
ယခုနှစ် အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတွင် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်)သည်လည်း လမ်းပန်းအခက်အခဲကြောင့် ကုန်စည် ဝင်ရောက်မှု ရပ်ဆိုင်းခဲ့ရသဖြင့် ကြူကုတ် တစ်ပိဿာ ကျပ် ၈၅၀ဝ ခန့်မှ ၁၄၀ဝ၀ ခန့်အထိ မြင့်တက်ခဲ့ရာ ရှမ်းကြက်သွန်ဖြူ အဝင်ပါးချိန် တရုတ်ကြက်သွန်ဖြူပါ အဝင်မရှိတော့သည့်အတွက် ဈေးနှုန်း၊ ဈေးကွက် ရုတ်တရက် ဂယက်ရိုက်ခဲ့ရာ ရှမ်းကြက်သွန်ဖြူပါ ဈေး ကွက်တွင် မြင့်တက်ခဲ့လေသည်။
နှစ်အလိုက် ဈေးနှုန်းဈေးကွက်အရ သီးနှံတောင်သူ လက်ကျန် ပါးချိန် စက်တင်ဘာလ ခန့်မှစ၍ သီးနှံပေါ်ချိန် ဇန်နဝါရီလအထိ ဈေးမြင့်လျက်ရှိနေကြောင်း သုံးသပ်ရပေမည်။ ရှမ်းကြက်သွန်ဖြူသည် ပြည်တွင်းဈေးကွက်ကိုသာ ရောင်းဝယ်ဖြန့်ဖြူးလျက်ရှိရာ ဈေးကွက်လိုအပ်ချက် ပြည့်မီရန် တိုးချဲ့စိုက်ပျိုး သင့်သည်။ မြန်မာပြည်တွင် ရှမ်းကြက်သွန်ဖြူ အသုံးများသည်။ အနံ့အရသာ ကောင်းမွန်ခြင်း၊ ကျန်းမာ ရေးအတွက် အထောက်အကူပြခြင်း၊ သိုလှောင်ရာတွင် အလေအလွင့် နည်းခြင်းစသည့် အားသာချက် များကြောင့် အသုံးပြုသူ များပြားပါသည်။ စိုက်ပျိုးသူတောင်သူများမှာလည်း သွင်းအားစု စရိတ်ကြီးမား ခြင်း၊ မျိုးစေ့အတွက် အရင်းအနှီးများလာခြင်း၊ တစ်ဧက ကုန်ကျစရိတ် မြင့်တက်လာခြင်းနှင့် ဈေးကွက် အရောက် သယ်ယူစရိတ်များ မြင့်မားလာခဲ့သည်။
ပြည်တွင်းထုတ်လုပ်မှုစရိတ် မြင့်မား၍ ဈေးနှုန်းမြင့်မားသည်က ဆိုဖွယ်ရာမရှိသော်လည်း ပြည်ပ သီးနှံ ဝင်ရောက်မှုမရှိ၍ ဈေးကွက်ဝယ်စုကို ဦးဆောင်ရမည့်အစား ဈေးကွက်ဈေးနှုန်း ဂယက်ရိုက်အောင် လုပ်ဆောင်သူများ ဆင်ခြင်သင့်ပါသည်။ စားသုံးသူကို စာနာသင့်သည်။ အဘက်ဘက်က ကုန်စည် ဈေးနှုန်းမြင့်တက်၍ အခက်အခဲရှိချိန် ဈေးကွက်တည်ငြိမ်းပြီး ဈေးသင့်တင့်မျှတရန် လိုအပ်ပါသည်။
ဈေးနှုန်း၊ ဈေးကွက် ကြီးမြင့်လာမှုကြောင့် အသေးစား အလတ်စား ထုတ်ကုန်များသည်လည်း ဈေးကွက်တွင် ဆက်လက်ရှင်သန်ဖို့ရာ ကုန်ကြမ်းပစ္စည်းများကို အရည်အသွေး မပြည့်မီသည်များ အသုံး ပြုခြင်း၊ အရေအတွက်လျှော့ချ၍ သုံးခြင်းတို့ကြောင့် စားသုံးသူများအတွက် ဘေးကင်းလုံခြုံသည့် ကုန်စည် များ ရှားပါးလာပေသည်။
အမှန်တကယ် ကြက်သွန်သီးနှံတောင်သူ လက်ကျန်နည်း၍ ဈေးကွက်တွင် ကုန်ဝင်ပါးခြင်း၊ ဈေးကွက် လိုအပ်ချက်များလာခြင်း၊ သယ်ယူပို့ဆောင်စရိတ်မြင့်မားခြင်း၊ ထုတ်လုပ်မှုစရိတ်မြင့်မားလာ ခြင်းအကြောင်းတို့ကြောင့် ဈေးနှုန်းမြင့်လာခြင်းသည် အမှန်တကယ် ဈေးနှုန်းမြင့်မားခြင်းဖြစ်ပေသည်။ ထိုဖြစ်ရပ်များသည် သီးနှံစိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည်ပွဲစား၊ ရောင်းချဖြန့်ဖြူးသူ မည်သူ့ကိုမျှ ဆိုစရာ မရှိပေ။ သို့သော်ဈေးကွက်ဝေစုကို ဦးဆောင်ထားသော်လည်း ကုန်စည်ဖြင့် ကုန်ဈေးနှုန်းကြီးမြင့်အောင် ထိန်းချုပ်ထားခြင်း၊ ဈေးကွက် လိုအပ်ချက်ကို အသုံးပြု၍ ကုန်စည်ဈေးနှုန်းချုပ်ကိုင်ထားခြင်း၊ ပြည်ပသီးနှံ ဝင်ရောက်မှုနည်းပါးခြင်းကို အကြောင်းပြ၍ ဈေးနှုန်းကို လိုအပ်သလို ကစားလေ့ရှိခြင်းတို့သည် မလို လားအပ်ဘဲ ဈေးနှုန်းမြှင့်တင်ခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။
ပြည်တွင်းသုံးသီးနှံများတွင် စားဖိုဆောင်သီးနှံနှင့် ကုန်စိမ်းသီးနှံများသည် စားသုံးသူတိုင်းကို တိုက် ရိုက် သက်ရောက်မှုရှိသဖြင့် အရောင်းအဝယ်လောကသားတိုင်း ဆင်ခြင်သင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
တင်ဌေး (အောင်ပန်း)