Main menu

Background

ပြည်ခရိုင်တွင် ဝါသီးနှံများ စတင်ထွက်ပေါ်

Mon, 11/20/2023 - 14:16 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း စိုက်ပျိုးလျက်ရှိ သည့် ဝါစိုက်ဧကမှာ ၁၂၈၉၃ဧက ရှိပြီး  ဝါကြီးစိုက်ဧကမှာ ၁၈၀၄ ဧကနှင့် ချည်မျှင်ရှည်ဝါ စိုက်ဧကမှာ  ၁၁၀၈၉ ဧကရှိ သည်။ ဝါသီးနှံကို မိုးလယ်ရာသီတွင် စိုက်ပျိုးသည်။  စိုက်ပျိုး သော ဝါအမျိုးအစားမှာ တစ်စေ့ဝါ အမျိုးအစားဖြစ်ပြီး တစ် ဧကလျှင် ဝါပိဿာချိန်  ၅၀ဝ ခန့် ထွက်ရှိနိုင်ပြီး ယခင်နှစ်တွင် ဝါတစ်ဧကလျှင် ပိဿာချိန်  ၈၀ဝ ခန့် ထွက်ရှိသဖြင့် ယခုနှစ် တွင် အထွက်နှုန်း လျော့နည်းလာတာ တွေ့ရသည်။ ဝါတစ် ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်မှာ လေးသိန်းဝန်းကျင် ခန့်ကုန်ကျပြီး ဈေးနှုန်းများအနေဖြင့် ယခုနှစ် လတ်တလော ဝါရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ ရရှိသဖြင့် တစ် ဧက အကျိုးအမြတ်အနေဖြင့် ကျပ် ၁၀ သိန်းခန့်ရရှိကြောင်း သိရသည်။ ယခင်နှစ်တွင် ဝါဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဝါအထွက်နှုန်း ကောင်း သော်လည်း ဈေးနှုန်းမှာနည်းသဖြင့် တစ်ဧကအကျိုးအမြတ် မှာ ငါးသိန်းဝန်းကျင်ခန့်ရရှိကြောင်း သိရ သည်။
ပြည်ခရိုင်အတွင်း ထွက်ရှိသော ဝါများကို ဝါကြိတ် စက်ရုံများမှ ဝယ်ယူလျက်ရှိသလို ရွာပွဲစားများကလည်း ဝယ် ယူပြီး အောင်လံနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ဝါစိုက်တောင်သူများအနေဖြင့် သွင်းအားစုဖြစ် သော ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများဈေးနှုန်း မြင့်တက် လာမှုကြောင့် သွင်းအားစုဈေးနှုန်းများ သက်သာစွာဖြင့် ရရှိ နိုင်ရေး  မျှော်လင့်လျက်ရှိသည်။  ထို့အပြင် တောင်သူများ အတွက်  မျိုးကောင်း၊ မျိုးသန့်များ၊ စိုက်ပျိုးနည်းစနစ်များ ဖြန့်ဝေပေးနိုင်လျှင် အထွက်နှုန်း ပိုလာမည့်အပြင် ဝါအရည် အသွေးကောင်းများလည်း ရရှိလာနိုင်မည်ဖြစ်ပြီး ဝါဂွမ်းမှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် ချည်မျှင်နှင့် အထည်အလိပ် များကို ဒေသအတွင်း ထုတ်လုပ်လာနိုင်ပါက အခြားသော အခွင့်အလမ်းများအပြင် နိုင်ငံတော်အတွက်လည်း ဝင်ငွေ များ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရသည်။

ဝေဝေမင်း(ပြည်)