Main menu

Background

ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ ဆောင်းမြေပဲ စိုက်ပျိုးထွက်ရှိမှု အခြေအနေ

Mon, 12/04/2023 - 11:01 -- journal_editor

ကျွန်းပင်စင်ကျေးရွာသည်  ပွင့်ဖြူမြို့နယ်  ဝဲဒေါင့် ကျေးရွာ အုပ်စုတွင်တည်ရှိပြီး သမိုင်းဝင်ကျောင်းတော်ရာ ဘုရားကြီးနှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိသည်။ ကျွန်းပင် စင်ကျေးရွာတွင် အိမ်ခြေ ၂၀ဝ ခန့်ရှိပြီး လူဦးရေမှာ  ၁၃၅၀ ဦးခန့် နေထိုင်ကြသည်။ စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင် ကြပြီး စပါး၊ ပဲကြီး၊ ပဲထောပတ်၊ ကုလားပဲ၊ ပြောင်း၊ နှမ်းနှင့် မြေပဲသီးနှံများကို စိုက်ပျိုးကြကြောင်း၊ ဆောင်းမြေပဲသီးနှံကို ယခုနှစ်တွင် ဧက ၂၀ဝ ခန့်စိုက်ပျိုးထားပြီး ရာသီဥတု ကောင်း မွန်သောကြောင့်  သီးနှံအထွက်နှုန်းများ ကောင်းမည်ဖြစ် ကြောင်း သိရှိရသည်။
ယခုနှစ်တွင် ဆောင်းမြေပဲစိုက်ပျိုးသူ ဦးအောင်ကျော် သူသည်ငါးဧကခန့်စိုက်ပျိုးထားကြောင်း၊ မြေပဲကိုမြေနုကျွန်း တွင်  စိုက်ပျိုးကြောင်း၊  တစ်ဧကစိုက်ပျိုးလျှင်  မျိုးအနေဖြင့် မြေပဲဆန် နှစ်တင်းခန့် ကုန်ကျကြောင်း၊ မြေပဲအသေး အဖြူ ကိုသာစိုက်ပျိုးကြောင်း၊ ငါးဧကလျှင်မျိုး ၁၀ တင်းခန့်ကုန်ကျပြီး မျိုးချန်ထားသော မိမိမျိုးကိုသာ စိုက်ပျိုးကြောင်း၊ မြေပြင်သည့် စရိတ်မှာ လည်းတစ်ဧကလျှင် မြေဆီတစ်အိတ်နှုန်း အသုံးပြု ပြီး  ထွန်ယက်ရာတွင် မိမိစက်ဖြင့် ထွန်ယက်သောကြောင့် ဓာတ်ဆီဖိုးသာကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင်လည်း မြေပဲ စိုက်ပျိုးစက်ဖြင့် စိုက်ပျိုးသောကြောင့် အကူတစ်ဦးသာလျှင် နေ့စားအနေဖြင့် ငှားရကြောင်း၊ နေ့စားခမှာ ကျပ် ၁၀ဝ၀ဝ ပေးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုးဖိုး မပါ ကျပ် ၇၀ဝ၀ဝ ခန့် ကုန်ကျကြောင်း၊  ဆောင်းမြေပဲကို နိုဝင်ဘာလဆန်းတွင်စတင်စိုက်ပျိုးပြီး တစ်လသားခန့် အရွယ် တွင် မြေကြီးအတွင်း အစိုဓာတ်ထိန်းနိုင်စေရန်နှင့် အပင်ရှိ အပွင့်ထဲမှ ဝတ်ဆံတိုင်လေးများ မြေကြီးထဲ ဥချနိုင်ရန်အတွက် ကြားတိုက်ပေးရကြောင်း၊  တစ်လခွဲသားခန့်တွင် ထပ်မံ အပွင့် ပွင့်စေရန် ပိုးသတ်ဆေးနှင့် အားဆေး ဝယ်ယူပက်ဖျန်းရ ကြောင်း၊ အပွင့် ပွင့်လာပါက ထပ်မံ ကြားတိုက်ပေးရကြောင်း၊ ဆောင်းမြေပဲသီးနှံသည် မိုးအကုန် ဆောင်းအစတွင်စိုက်ပျိုးရသောသီးနှံဖြစ်၍ စိုက်ပျိုးပြီးပါက မိုးများစွာ ရွာသွန်းလျှင် မြေကျစ်၍မြေပဲဥ မဥကြောင်း၊ ဆောင်းအအေးဓာတ်နှင့်လုံ လောက်သောအစိုဓာတ်ရှိလျှင် အထွက်နှုန်းကောင်းကြောင်း၊ အပွင့်ပွင့်ချိန်တွင် နှင်းများကျပါက  ပိုမိုအထွက်နှုန်း ကောင်း မွန်ကြောင်း၊ အထွက်နှုန်းများမှာ မြေအနေအထား ကွာခြား ခြင်း၊ မြေအစိုဓာတ်  ကွာခြားခြင်း၊ စိုက်ပျိုးပြုပြင်မှု ကွာခြား ခြင်း၊ သွင်းအားစုသုံးစွဲပုံနှင့် ပိုးသတ်ဆေး၊ အားဆေး သုံးစွဲမှု ကွာခြားခြင်း၊ စိုက်ပျိုးမှုကွာခြားခြင်းတို့ကြောင့် ဆောင်းမြေပဲ တစ်ဧက စိုက်ပျိုးလျှင်မြေပဲတောင့် ၇၅ တင်းမှ တင်း ၈၀ အထိ အမျိုးမျိုး ကွဲပြားထွက်ရှိကြောင်း၊ ယခုနှစ်တွင် မြေပဲခင်း အနေဖြင့် တစ်ဧကလျှင် ၈၅ တင်းမှ တင်း ၉၀ ထွက်ရန်လျာ ထားကြောင်း၊  နှစ်စဉ် အထွက်နှုန်း ကောင်းမွန်ကြောင်း၊ မတ်လ      လဆန်းပိုင်းတွင်  ရိတ်သိမ်းရမှာဖြစ်ပါကြောင်း ဆောင်းမြေပဲစိုက်ပျိုးတောင်သူ ဦးအောင်ကျော်သူထံမှ သိရှိ ရသည်။                                                            

 

 မွန်မွန်သက်