Main menu

Background

ပြည်မြို့နယ် မှော်ဇာအုပ်စုတွင် ဟင်းသီးဟင်းရွက်များ ရာသီမရွေးထွက်ရှိ

Mon, 12/04/2023 - 12:10 -- journal_editor

ပြည်မြို့အတွင်းရှိ  မှော်ဇာကျေးရွာအုပ်စုတွင် ဟင်းသီးဟင်း ရွက်များကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချကြောင်း   သိရသည်။ မှော်ဇာကျေးရွာအုပ်စုတွင် ကျေးရွာခွဲ ၁၅ ရွာရှိပြီး   စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား၍လုပ်ကိုင်ကြပြီး အဓိကထား၍ လုပ်ကိုင် ကြသော သီးနှံများမှာ ဖူးစားပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ နှင့် ဟင်းသီးဟင်းရွက်များကို အများဆုံးစိုက်ပျိုးကြသည်။ မိုးရာသီ တွင် မိုးစပါးစိုက်ပျိုးပြီး ဆောင်းရာသီတွင်  ဟင်းသီးဟင်းရွက်ကို အများဆုံး စိုက်ပျိုးကြပြီး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူနှင့် ဖူးစားပြောင်းများကိုလည်း စိုက်ပျိုးကြသည်။
မှော်ဇာကျေးရွာအုပ်စုတွင် ဟင်းသီးဟင်းရွက်ကို အများဆုံး စိုက်ပျိုးသော ကျေးရွာများမှာ တောင်လုံးညိုကျေးရွာ၊ ကုလားတန် ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊  ဆင်ဖြူကုန်းကျေးရွာနှင့် ရွှေကြို့ပင် ကျေးရွာများတွင် စိုက်ပျိုးကြသည်။ ထိုကျေးရွာများရှိ  အိမ်ခြံမြေ များတွင်လည်း တစ်နိုင်တစ်ပိုင် သက်တမ်းတို သီးနှံများဖြစ်သော မုန်လာဥ၊ ကြက်သွန်နီ၊   ဘူး၊ သခွား၊ နံနံပင်နှင့်  ပြောင်းဖူးများကို စိုက်ပျိုးကြသည်။ မှော်ဇာအုပ်စုမှ ထွက်ရှိလာသော ဟင်းသီးဟင်း ရွက်များကို အခင်းဖြတ်စနစ်ဖြင့်လည်းကောင်း၊  ကုန်စိမ်းဒိုင်များ သို့ အရောက်ပို့စနစ်ဖြင့်လည်းကောင်း၊ ကြားပွဲစားများမှ  ဝယ်ယူ ခြင်းဖြင့်လည်းကောင်း ဈေးကွက်တင်ပို့ရောင်းချကြသည်။
မှော်ဇာကျေးရွာကျေးရွာအုပ်စုတွင် ဆောင်းသီးနှံဖြစ် ဟင်း သီးဟင်းရွက်များကို နှစ်စဉ်   နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြသော်လည်း ယခုအချိန်တွင် ဟင်းသီးဟင်းရွက်များကို ရေလောင်း၍ စိုက်ပျိုးကြသောကြောင့် ရာသီမရွေး အသီးအနှံများ ထွက်ပေါ် ရောင်းချလျက်ရှိသည်။ ရာသီချိန်မဟုတ်ဘဲ‌  ထွက်ပေါ် လာသော အသီးအနှံများမှာ ရာသီချိန် သီးနှံကဲ့သို့ ဖွံ့ဖြိုးမှုမရှိသည် ကို တွေ့ရသည်။ သို့သော် စားသုံးသူများက  ရာသီပေါ်သီးနှံမဟုတ် သည့်တိုင် ဝယ်ယူစားသောက်ကြသဖြင့်  ဈေးကောင်းရရှိကြောင်း သိရသည်။
ထို့ကြောင့်   ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတောင်သူများ အနေဖြင့်ဈေးကောင်းရ၍ ရာသီချိန်မဟုတ်သော်လည်းရေလောင်း ၍စိုက်ပျိုးကြသည်။ တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိကြောင်း သိရသည်။   မှော်ဇာကျေးရွာအုပ်စုတွင် ကုန်စိမ်းဒိုင် ငါးခုထက်မနည်းရှိပြီး ထွက်ရှိလာသောသီးနှံများကို   ပြည်မြို့ရှိ ဈေးကွက်များသို့  တင်ပို့ရောင်းချသလို   ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ ဈေးနှင့် တညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချကြောင်းသိရသည်။

 

ဝေဝေမင်း(ပြည်)