Main menu

Background

ပခုက္ကူခရိုင် ပေါက်မြို့နယ်ထွက် အာလူးများ ဈေးကောင်းရရှိ

Mon, 03/04/2024 - 10:50 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပေါက် မြို့နယ်အနေဖြင့် စိုက်ပျိုးရေးကို အဓိကထား၍ ဒေသစီးပွား ဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ အာလူးသီးနှံကိုလည်း အဓိက သီးနှံအဖြစ် စိုက်ဧက ၂၀ဝ၀ ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ 
အာလူးသီးနှံစိုက်ပျိုးရာ ၂၀၂၃-၂၀၂၄တွင် စိုက်ဧက  ၁၀ဝ၀ ခန့်ထိ   စိုက်ပျိုးလာကြောင်း၊   ရှမ်းပြည်နယ်ထွက် အောင်ပန်းအာလူးမျိုးကို အများဆုံးစိုက်ပျိုးပြီး အောက်တိုဘာ လကုန် နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလ ဆန်းတွင် အာလူးများတူးဖော်ကြောင်း၊ စိုက်ပျိုး မြေအနေဖြင့် ကျောချောင်း နံဘေးရှိ သဲနုန်းမြေများတွင် ကျင်းဖွဲ့၍ အများ ဆုံးစိုက်ပျိုးကြောင်း သိရသည်။ 
တစ်ဧကလျှင် တောင်သူတစ်ဦးချင်းအနေဖြင့် အာလူး မျိုးနှင့် သွင်းအားစုအမျိုးမျိုး သုံးစွဲပုံမတူညီခြင်း၊ ရာသီဥတုနှင့် မြေသား  ကွာခြားမှုရှိခြင်းကြောင့် အထွက်နှုန်းမတူညီ၍ အာလူးပိဿာ  ၃၀ဝ၀ မှ ၆၀ဝ၀ ထိထွက်ရှိကြောင်း၊ ကုန်ကျ စရိတ်အနေဖြင့် ယခင်နှစ်က တစ်ဧကလျှင် ကျပ်သိန်း ၄၀ ခန့်ကုန်ကျခဲ့ပြီး ယခုနှစ်တွင် ကျပ်သိန်း ၇၀ ခန့်ထိ ကုန်ကျပြီး ပျမ်းမျှ  အာလူးပိဿာ ၄၀ဝ၀ ထွက်ရှိပြီး တစ်ပိဿာ ကျပ် ၄၀ဝ၀ ပျမ်းမျှဈေးဖြင့် ရောင်းချရ၍ ဝင်ငွေမှာ ကျပ်သိန်း ၁၆၀ ခန့်ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း ၉၀ ခန့် ရရှိ ကြောင်း၊ ဒေသတွင်းထွက်ရှိသည့် အာလူးများကို ဒေသတွင်း ဈေးကွက်နှင့် ပခုက္ကူမြို့သို့ အများဆုံး တင်ပို့လျက်ရှိသည်။ 
ဈေးနှုန်းအနေဖြင့် လက်လီ  တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀၊ လက်ကားပွဲရုံသွင်းဈေး ကျပ် ၃၅၀ဝ ဖြင့် ပေးသွင်းရ ကြောင်း၊  ယခုနှစ် ပေါက်မြို့နယ်ထွက် အာလူးများ ဈေး ကောင်းရရှိ၍ စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း မြောက်ဘက်ကျေးရွာရှိ အာလူးစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။

မြင့်မြင့်သန်း(ပခုက္ကူ)