ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်မှာ ရှမ်းပြည်နယ် အောင်ပန်း၊ ပြင်ဦးလွင်မှ ဝင်ရောက်သည့် ခရမ်းချဉ်သီးနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း၊ ပုပ္ပားဒေသထွက် ခရမ်းချဉ်သီးနှင့် ပခုက္ကူ၊ မြစ်ခြေကျွန်းဒေသထွက် ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ် ခရမ်းချဉ် သီးနှင့် ဗမာခရမ်းချဉ်သီးနှစ်မျိုးဖြစ်ကြောင်း သိရှိရသည်။
အောင်ပန်းနှင့် ပြင်ဦးလွင်မှ ဝင်ရောက်သည့် မေမြို့ ခရမ်းချဉ်သီးများမှာ ရာသီမရွေး ဝယ်ယူစားသုံး နိုင်ပြီး အလုံးလှ၍ အရွယ်အစားငယ်ပြီး အခွံထူ၍ အချဉ်ဓာတ်နည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများပြီး စားသောက်ဆိုင် ဈေးဆိုင်များမှ အသုံးများကြောင်းနှင့် ဒေသထွက် ကျွန်းခရမ်းချဉ်းသီးများမှာ ဆောင်း ရာသီ ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ထွက်ရှိပြီး အလုံးကြီး၍ အခွန်ပါးပြီး အရည်ရွှန်း၍ အချဉ်ဓာတ်များ သည့်အတွက် ဆောင်းရာသီစာ သီးနှံဖြစ်၍ အိမ်ရှင်မများ နှစ်သက်ခြင်းကြောင့် ဈေးကောင်းရရှိပြီး မေမြို့ ထွက် ထိုင်ဝမ်ခရမ်းချဉ်သီးများမှာ ဈေးနှုန်းကျဆင်းကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ဒေသတွင်း ခရမ်းချဉ်သီးများ စတင်ထွက်ရှိသည့်အချိန်တွင် ခရမ်းချဉ်သီး ထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀၊ ခရမ်းချဉ်သီး(ဗမာ)တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီတွင် ထိုင်ဝမ်ခရမ်းချဉ်တစ်ပိဿာ ကျပ် ၁၀ဝ၀ ၊ ခရမ်းချဉ်သီး (ဗမာ)တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဈေးကျဆင်းလာကြောင်း၊ ဖေဖော်ဝါရီလတွင် ခရမ်းချဉ်သီးတစ်ပိဿာ ထိုင်ဝမ် ကျပ် ၅၀ဝ ၊ (ဗမာ) ကျပ် ၁၀ဝ၀ ဈေးကျဆင်းလာကြောင်း၊ မတ်လတွင် ခရမ်းချဉ်သီးတစ်ပိဿာ ထိုင်ဝမ် ကျပ် ၂၀ဝ၊ (ဗမာ) ကျပ် ၇၀ဝ ထိ ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း ဧပြီ ပထမပတ်မှစ၍ ဒေသတွင်းထွက် ခရမ်း ချဉ်သီးများ ဈေးကွက်သို့ ဝင်ရောက်မှု နည်း သွားခြင်းကြောင့် ဈေးစတင်မြင့်တက်လာသည်။
ယခုဧပြီ နောက်ဆုံးပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ထိုင်ဝမ် ကျပ် ၈၀ဝ - ၁၂၀ဝ ၊ (ဗမာ)ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ - ၁၅၀ဝ ထိ ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သီးနှံဈေး ကွက်မှ သိရှိရသည်။
မြင့်မြင့်သန်း(ပခုက္ကူ)