Main menu

Background

ပခုက္ကူမြို့ ပဲ ၊ နှမ်း ဈေးနှုန်းဈေးကွက်

Tue, 12/03/2024 - 11:23 -- journal_editor

မြေပဲ
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့  ပဲမျိုးစုံနှင့် ဆီထွက် သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် မိုးမြေပဲ(အသစ်)များ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နိုဝင်ဘာစတုတ္ထပတ်တွင် ဆီထွက်သီးနှံမြေပဲအတောင့်နှင့် အဆန် များ ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက် ရှိသည်။ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲ အတောင့်နှင့် အဆန်များကို  မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်း ရှင်များ အဝယ်လိုက်ခြင်းအပြင်  တရုတ်နိုင်ငံမှလည်း ဝယ်လိုအား များလျက်ရှိ၍ ဈေးနှုန်းမြင့်တက်ကြောင်း၊ မြေပဲဆန်အရည်အသွေး နှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေး အနိမ့်၊ အမြင့်ရှိကြောင်း သိရှိ ရသည်။ 
ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်း များမှာ ယခုတစ်ပတ်တွင် မြေပဲတောင့် (အခြောက်) တစ်ပိဿာ လျှင်  ကျပ် ၅၅၀ဝ - ၄၈၀ဝ၊  ယခင်တစ်ပတ်က မြေပဲတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ် ၅၁၀ဝ - ၄၆၀ဝ ဖြစ်ခြင်းကြောင့် တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၄၀ဝ ဈေးတက်၍ အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ယခုတစ်ပတ်တွင် မြေပဲလုံးဆန်(နီ)တစ်ပိဿာလျှင် ငွေကျပ် ၈၆၀ဝ-၈၄၀ဝ-၈၀ဝ၀၊ ယခင်တစ်ပတ် က မြေပဲလုံးဆန်(နီ) တစ်ပိဿာလျှင် ငွေကျပ် ၈၁၅၀ - ၈၁၀ဝ- ၇၉၀ဝ  တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၄၅၀  ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့သည်။ မြေပဲလုံးဆန် (ဖြူ)တစ်ပိဿာလျှင် ငွေကျပ် ၈၄၀ဝ-၈၃၀ဝ-၇၉၅၀၊ ယခင်တစ်ပတ်တွင် မြေပဲလုံးဆန် (ဖြူ)တစ်ပိဿာလျှင် ငွေကျပ် ၈၁၀ဝ - ၈၁၅၀ - ၈၀ဝ၀  တစ်ပတ် အတွင်း တစ်ပိဿာလျှင် ကျပ် ၃၀ဝ  ဈေးတက်၍ အရောင်းအဝယ် ဖြစ်ခဲ့သည်။ မြေပဲဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ငွေကျပ် ၇၄၀ဝ - ၇၂၀ဝ၊ ယခင်တစ်ပတ် ငွေကျပ်  ၇၀ဝ၀-၆၉၀ဝ၊ မြေပဲဆီ ဆန် တစ်ပိဿာလျှင် ကျပ် ၄၀ဝ ခန့် ဈေးတက်၍ အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။
ပခုက္ကူမြေပဲဆန်ဈေး မြင့်တက်ရခြင်းမှာ ဈေးကွက်သို့ မြေပဲ ဆန် (အသစ်)များ ဝင်ရောက်မှု နည်းခြင်းနှင့် ဒေသတွင်း ဆီစက် လုပ်ငန်းရှင်များမှ ဝယ်ယူမှုအပြင် ပြည်ပနိုင်ငံများမှ အဝယ်လိုက် ခြင်းကြောင့်  မြေပဲဈေးနှုန်း  ပြန်လည်မြင့်တက်လာခြင်းဖြစ် ကြောင်း ဈေးကွက်မှ သိရှိရသည်။

ကျွန်းစားတော်ပဲ
ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက် ရှိသော စားတော်ပဲများ စက်တင်ဘာလ(ဒုတိယ)ပတ်မှစ၍ ဈေး တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် သီးနှံအသစ်ပေါ်ချိန် မရောက်ရှိသေး၍ ကျွန်းစားတော်ပဲ (အဟောင်း) များကိုသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စိုက်ပျိုးရာသီ ရောက်ချိန်နီး၍ စိုက်တောင်သူများမှလည်း မျိုးအဖြစ် ပြန်လည် ဝယ်ယူမှုများကြောင်း သိရှိရသည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲ စိုက်ပျိုးမှုများသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ရေနံချောင်းမြို့မှ ထွက်ရှိသော စား တော်ပဲများ ပွဲရုံများသို့ ဝင်ရောက်ကြောင်း၊ ထိုမှတစ်ဆင့် ဒေသ တွင်း စားသုံးသူများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း သိရှိ ရသည်။
ဈေးနှုန်းအနေဖြင့် စက်တင်ဘာ ဒုတိယပတ်တွင် ကျွန်း စားတော်ပဲ တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ရာ အောက်တိုဘာလတွင် စားတော်ပဲ တစ်တင်းလျှင် ကျပ် ၁၄၅၀ဝ၀ နိုဝင်ဘာ စတုတ္ထပတ်တွင် ကျပ် ၁၄၆၀ဝ၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်လအတွင်း စားတော်ပဲ တစ်တင်းလျှင် ကျပ်၁၀ဝ၀ ခန့် ဈေးတက်လာခဲ့ သည်။  ဈေးကွက်အတွင်း၌   စားတော်ပဲ  လက်ကျန်နည်း၍ တစ်ပတ် အတွင်း ပိဿာ ၃၀ ဝင် အိတ် ၂၀ ခန့်  အရောင်း အဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းဆောင်းသီးနှံစားတော်ပဲတို့ကို မြစ်ရေဝင် ကျွန်းမြေများ တွင် စိုက်ပျိုးချိန်ဖြစ်၍ မျိုးစားတော်ပဲများကို စိုက်ပျိုးတောင်သူ များမှ ဝယ်ယူမှုများ၍ အရောင်းအဝယ် သွက်လျက်ရှိကြောင်း ဈေး ကွက်မှ သိရသည်။ 

ပဲတီစိမ်းသေး (ခေါ်) ပဲနောက်
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နိုဝင်ဘာစတုတ္ထပတ်တွင် ပဲတီစိမ်းသေး (ခေါ်) ပဲနောက်သီးနှံများ ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။  ပဲတီစိမ်း(ခေါ်) ပဲနောက် သီးနှံသည် တစ်နှစ် လျှင် မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးကြသည်။ ပခုက္ကူခရိုင်အတွင်း အများဆုံး စိုက်ပျိုးသည့် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော ပဲနောက်သီးနှံများ အများဆုံးဝင် ရောက်  အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် သီးနှံပေါ်စအချိန် သြဂုတ်လ ပထမပတ်တွင် ပဲနောက်သီးနှံ တစ်တင်းလျှင် ငွေကျပ် ၇၂၅၀ဝ-၇၃၅၀ဝ ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာ လ နှင့် အောက်တိုဘာလတွင် ဈေးအတက်အကျမရှိ ဈေးငြိမ်ပြီး နိုဝင်ဘာ စတုတ္ထပတ်တွင် ဈေးမြင့်တက်ပြီး ပဲနောက်သီးနှံ တစ် တင်းလျှင် ငွေကျပ်  ၁၀၄၀ဝ၀ - ၁၀၅၀ဝ၀ ဖြစ်၍ အရောင်းအဝယ် ဖြစ်၍ သီးနှံပေါ်စနှင့် ယခုအချိန်ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်တင်း လျှင် ငွေကျပ် ၃၂၅၀ဝ ခန့် ဈေးတက်လာခဲ့သည်။ ဈေးကွက်အနေ ဖြင့် ဒေသတွင်း ဝယ်ယူစားသုံးမှုများအပြင် ရန်ကုန်၊ မန္တလေးမြို့ များသို့ တင်ပို့ လျက်ရှိပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက် ရှိကြောင်း သိရှိရသည်။

နှမ်း
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် နွေနှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့နယ်များမှ နွေ နှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည် တစ်ရက် လျှင် ပိဿာ ၃၀ ဝင်အိတ် ၃၀ဝ-၄၀ဝ ဝင်ရောက်၍ တစ်ပတ် အတွင်း အိတ်၂၀ဝ၀ ခန့် ဝင်ရောက်ကြောင်း၊ နှမ်းဖြူနှင့် နှမ်းနက် (စမုန်)နှစ်မျိုး အများဆုံး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ 
ဈေးနှုန်းအနေဖြင့် နိုဝင်ဘာ စတုတ္ထပတ်တွင် နှမ်း အရည် အသွေးလိုက်၍ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၂၁၅၀ဝ၀- ၂၀၅၀ဝ၀- ၁၉၅၀ဝ၀၊  နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၁၃၂၀ဝ၀-၁၂၇၀ဝ၀-၁၂၀ဝ၀ဝ အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။ ယခင် အောက်တိုဘာစတုတ္ထပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်းလျှင် ကျပ်၅၀ဝ၀ဈေးနှုန်းကျဆင်းပြီး နှမ်းဖြူမှာ ဈေးငြိမ်နေကြောင်းသိရသည်။ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ ယောနယ်ဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထုဒေသထွက် နှမ်းများ အများဆုံး ဝင်ရောက် ကြောင်း၊ ဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက် လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြား စားသောက် ကုန်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကုန်ဝင် သလောက် အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံ ရောင်းဝယ်ရေးဈေးကွက်မှ သိရှိရသည်။

 

မြင့်မြင့်သန်း (ပခုက္ကူ)