Main menu

Background

ကြက်သွန်နီဈေးကွက်

Wed, 04/09/2025 - 10:58 -- journal_editor

မန္တလေး
မန္တလေးဈေးကွက်အတွင်းသို့  ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်း စသည့် ဒေသများနှင့် အခြားဒေသများမှ  ထွက်ရှိသည့်  ကြက်သွန်နီများ မတ်လကုန်ပိုင်းတွင် ဖြိုင်ဖြိုင်ဝင်ရောက်လျက်ရှိသည်။ ဆောင်းကြက်သွန်နီသည် ကြက်သွန်မျိုးစေ့ကို ပျိုးထောင်၍ အပင် ကလေးများ တစ်လခွဲသားအရွယ်တွင် ပျိုးပင်ကိုနုတ်၍ နေရာရွှေ့ ပြောင်း စိုက်ပျိုးကြရသည်။ 
ကြက်သွန်နီကို မိုးကုန်ရာသီ တန်ဆောင်မုန်းလနှင့် နတ်တော် လတွင် စိုက်ပျိုးခဲ့ကြပြီး တပို့တွဲ၊ တပေါင်းလများတွင် ဖြိုင်ဖြိုင်ထွက် ပေါ်လာသည်။ ကြက်သွန်မြိတ်ခြောက်မှသာ တူးဖော်ရောင်းချကြ သောကြောင့် ကြာရှည်စွာ တစ်နှစ်ပတ်လုံးအထားခံသည်။ ကျောက် ဆည်၊ မြစ်သားမျိုး (ရွှေဖလား)ကြက်သွန်ဥသည် ဥဝိုင်းမျိုးဖြစ်ပြီး အခွံပါး၍ အသားနုသည်။ ယခုအခါ ဈေးကွက်အတွင်း၌ ဆောင်း ကြက်သွန်နီများ လှိုင်လှိုင်ဝင်ရောက်လာပြီဖြစ်၍  ကြက်သွန်နီဈေး နှုန်းများ ကျဆင်းလျက်ရှိသည်။ 
ဖေဖော်ဝါရီ   နောက်ဆုံးပတ်တွင် ကြက်သွန်နီထိပ်စ တစ် ပိဿာလျှင် ကျပ် ၃၅၀ဝ-၄၀ဝ၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ-၃၀ဝ၀  ဈေးနှုန်းများဖြင့် မတ်လ နောက်ဆုံးပတ်တွင် ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ-၃၀ဝ၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀-၂၅၀ဝ ဈေးနှုန်းများဖြင့် လက်လီရောင်း ချလျက်ရှိပြီး ကြက်သွန်နီအသစ်များ လှိုင်လှိုင်ဝင်ရောင်လာခြင်း ကြောင့် ကြက်သွန်နီဈေးနှုန်း ကျဆင်းသွားကြောင်း ဈေးကွက် အတွင်းမှ သိရှိရသည်။
ပခုက္ကူ
မတ်လ ပထမပတ်တွင် ပခုက္ကူ  ကြက်သွန်နီကုန်စည်ဒိုင်သို့ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများ စတင်ဝင်ရောက်လာခဲ့သည်။ 
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ကြက်သွန်နီ စိုက် ပျိုးရာဒေသများဖြစ်သော ပေါက်၊ ရေပြာ၊ ဆိပ်ဖြူ၊ ရေစကြိုနှင့် ပခုက္ကူ ကျွန်းများတွင် ဆောင်းစိုက် (ပင်စိုက်) များကို အဓိက စိုက်ပျိုးသည်။ ကုန်စည်ဒိုင်သို့ ပခုက္ကူဒေသထွက် ကြက်သွန်နီများသာမက ပေါက်၊ ရေပြာ၊ ကမ္မနှင့် ပုလဲဒေသမှထွက်ရှိသော ကြက်သွန်နီများလည်း ဝင်ရောက်လျက်ရှိသည်။ 
ကြက်သွန်နီဈေးနှုန်းများအနေဖြင့် ဧပြီလဆန်းတွင် ဆောင်း စိုက် (ပင်စိုက်) ထိပ်စ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ အလတ်စတစ် ပိဿာလျှင် ကျပ် ၁၃၀ဝ၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ ဖြစ်ပြီး၊ မတ်လနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၄၀ဝ ခန့် ဈေးကျနေကြောင်း သိရသည်။ 
ဆိပ်ဖြူ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်သည် ကြက် သွန်နီသီးနှံကို အဓိကစိုက်ပျိုးကြသည်။ ယခုနှစ် မတ်လကုန်တွင် ကြက်သွန်နီပင်စိုက်များ တူးဖော်ချိန်ဖြစ်၍ ကြက်သွန်နီ ကုန်စည်ဒိုင် ဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုများပြီး ဈေးကျဆင်းလျက်ရှိသည်။ စိုက်ပျိုးမှုများသော ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ အောက်ဆိပ်၊ မြင်ကဝ၊ ဂွေးပင်၊ ချောင်းမကြီးကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှ ကုန်ချိန် ပိဿာခုနစ်သောင်းခန့် ဝင်ရောက်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ဧပြီလဆန်းပိုင်းတွင် ကြက်သွန်နီ ဈေးနှုန်း မှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင်  ကျပ် ၁၄၅၀-၁၃၀ဝ-၁၂၀ဝ ဈေးအသီးသီးရှိပြီး မတ်လအတွင်း  ဈေး နှုန်းနှင့်  နှိုင်းယှဉ်ပါက ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၅၀ ခန့် ဈေးကျဆင်းကြောင်း  သိရသည်။ 
ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပ ပို့ကုန် အဖြစ် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ မတ်လ နောက်ဆုံးပတ်တွင်  ကြက်သွန်နီ ကုန်ချိန်ပိဿာ သုံးသိန်းခွဲခန့်၊ တန်ချိန် အားဖြင့် ၅၇၂တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေး ကွက်မှ သိရသည်။

နှင်းဖြူစိုး (မန္တလေး)၊ လှိုင်ဥမ္မာဦး၊ မြင့်မြင့်သန်း (ပခုက္ကူ)