ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အနေဖြင့် သြဂုတ်လ နောက်ဆုံးပတ်တွင် မိုးမြေပဲများ စတင်ထွက်ပေါ်လာနေပြီ ဖြစ်ပြီး ပြည်ဈေးကွက်သို့ မိုးမြေပဲများကို ခရိုင်အတွင်း မြို့နယ် များ ဖြစ်သော ရွှေတောင်၊ ပေါက်ခေါင်းနှင့် အခြားတိုင်းဒေသ ကြီးများဖြစ်သော မြန်အောင်၊ ကြံခင်းဘက်မှ တစ်ရက်လျှင် မြေပဲဆန်အိတ် ၃၀ဝ-၄၀ဝ ခန့် အဝင်ရှိပြီး ဝင်သလောက် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်နှင့် မန္တလေးဘက်မှ ဝယ်လက်များကလည်း ဝယ်ယူမှုရှိခြင်း၊ ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များကလည်း ဝယ်ယူမှုရှိခြင်းတို့ကြောင့် ပြည်ဒေသရှိ ပွဲရုံနှင့် ဈေးကွက် များတွင် ပုံမှန်ရောင်းဝယ်လျက်ရှိသည်။ မြေပဲဆန်ဈေးနှုန်းများ အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဆီဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ ဆီဆန်(အနီ)တစ်ပိဿာလျှင် ကျပ် ၆၈၀ဝ-၆၉၀ဝ နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် ကျပ် ၇၄၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ယခင်နှစ်ဖြစ်သော ၂၀၂၄ ခုနှစ် စက်တင်ဘာလနောက် ဆုံးပတ်တွင် ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၇၄၀ဝ၊ ဆီဆန်(အနီ) တစ်ပိဿာလျှင် ကျပ် ၇၂၀ဝ နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၈၄၀ဝ၊ လုံး(အနီ) တစ်ပိဿာလျှင်ကျပ် ၈၁၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ထို့ကြောင့် ယခုနှစ် တွင် မြေပဲဆန် ဆီဆန်(အဖြူ)တစ်ပိဿာ ကျပ် ၄၀ဝ၊ ဆီဆန် (အနီ)တစ်ပိဿာ ကျပ် ၄၀ဝ-၅၀ဝ၊ လုံးဆန်(အဖြူ) တစ် ပိဿာ ကျပ် ၉၀ဝ နှင့် လုံးဆန်(အနီ)တစ်ပိဿာ ကျပ် ၇၀ဝ ခန့် ဈေးများကျဆင်းလာခဲ့သည်။ ယခင်နှစ်က မြေပဲဈေးများ မြင့်တက်လာရခြင်းမှာ အထွက်နှုန်းနည်းပြီး နယ်ဝယ်လိုအား များလာခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
ပြည်ဈေးကွက်ရှိ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော နှမ်းသီးနှံမှာ ယခုအချိန်တွင် ပြည်ဈေးကွက်သို့ မိုးနှမ်းအသစ် များ နေ့စဉ် ဝင်ရောက်မှုရှိပြီး တစ်ရက်လျှင် အိတ် ၅၀ဝ ခန့် ဝင်ရောက်မှုရှိကြောင်း သိရသည်။
မိုးနှမ်းသစ်များ နေ့စဉ်ဝင်ရောက်မှုရှိသလို မိုးညို၊ မြန် အောင်၊ ကြံခင်းနှင့် နတ်တလင်းဘက်မှ နှမ်းနက်များလည်း ဝင်ရောက်မှုရှိသည်။ ဝင်ရောက်လာသည့် နှမ်းနက်များကို အောင်လံ၊ မန္တလေး ဝယ်လက်များက အများဆုံးဝယ်ယူပြီး ရန်ကုန်ဝယ်လက်များက အနည်းငယ်သာဝယ်ယူကြောင်း သိရသည်။
ပြည်ခရိုင်အတွင်း နှမ်းနက်သာ အများအပြားစိုက်ပျိုးပြီး ဆီကြိတ်နှမ်းနီကို အနည်းငယ်သာ စိုက်ပျိုးကြသဖြင့် ဆီစက် သမားများက ဆီကြိတ်ရန် လိုအပ်ချက်ရှိသည့်အခါ အခြား မြို့နယ်များမှ ဝယ်ယူ၍ ကြိတ်ခွဲကြကြောင်း သိရသည်။ နှမ်းဆီကို ပြည်ခရိုင်တွင် စားသုံးမှုနည်းသော်လည်း အခြားဆီများဖြင့် ရောစပ်၍ ရောင်းချသည့်အခါ ဝယ်ယူကြ ကြောင်း သိရသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ယခု စက်တင် ဘာလနောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၁၁၀ဝ၀ဝ၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ၀ နှင့် စမုန်နက်နှမ်း တစ်တင်းလျှင် ကျပ် ၂၁၆၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ သြဂုတ်နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက နှမ်းဈေနှုန်း များ ကျဆင်းလာကြောင်း သိရသည်။ ယခုလို နှမ်းဈေးများ ကျဆင်းလာရခြင်းမှာ နှမ်းအထွက် လှိုင်ချိန်ဖြစ်ခြင်း၊ ဈေး ကွက်မှ နှမ်းလက်ကျန်များလာသဖြင့် ဈေးနှုန်းများ ကျဆင်း လာခြင်းဖြစ်ကြောင်း သိရသည်။
ဝေဝေမင်း(ပြည်)
