Main menu

Background

၀ါသီးနှံများ လှိုင်လှိုင်ထွက်ရှိ၍ ဈေးကောင်းရနေ

Thu, 12/04/2025 - 10:08 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ပခုက္ကူ-ရေစကြို ကားလမ်းဘေး ဝဲ/ယာရှိ မြေခဲတောင်၊ ကိုင်းမကျီး၊ ပခန်းကြီး၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်း ကျေးရွာများတွင် ဇူလိုင်၊ သြဂုတ်လများတွင် စိုက်ပျိုးခဲ့သည့်ဝါသီးနှံများ လှိုင်လှိုင်ပေါ်ထွက်လာပြီဖြစ်သည်။ 
ဝါစိုက်တောင်သူသာမက ကျေးရွာနေ ပြည်သူများပါ ဝါစွတ် (ဝါကောက်) ရ၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြောင်း စည်သာကျေးရွာနေ ဝါစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
ဝါသီးနှံများကို နှမ်း၊ မြေပဲ၊ ပဲတီစိမ်း သီးနှံခင်းများတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုး ခြင်းဟူ၍  စိုက်ပျိုးကြသည်။ မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါ များကို သြဂုတ်လတွင် စတင်စိုက်ပျိုးကြသည်။
စိုက်ပျိုးမြေတစ်ဧကလျှင် မျိုးစေ့ခုနစ်ပိဿာခန့်  ကုန်ကျပြီး ထွန်ယက်ခ၊ မျိုး၊ စိုက်စရိတ်၊ သွင်း အားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်းတို့ အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်ခုနစ်သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၂၀ဝ မှ ၃၀ဝ ပိဿာထိ ထွက်ရှိ နိုင်ကြောင်း၊ လက်ရှိ တစ်ပိဿာ လျှင် ကျပ် ၃၀ဝ၀ မှ ၃၈၀ဝ ခန့်ပေါက်ဈေးရှိကြောင်း  အကျိုးအမြတ်အနေဖြင့် ကျပ် သုံးသိန်းခန့်ရရှိ နိုင်ကြောင်း သိရှိရသည်။  
ယခုချိန်တွင် ဝါသီးနှံများ လှိုင်လှိုင်ခူးဆွတ်နေရကြောင်း၊ တစ်ရာသီလျှင် သုံးကြိမ်ခန့် ဝါခူးဆွတ် ကောက်ရကြောင်း၊ ဈေးနှုန်း/ဈေးကွက်အနေဖြင့် ကျေးရွာများတွင် လာရောက်ဝယ်ယူကြကြောင်း၊ ထိုမှတစ်ဆင့်  ပခုက္ကူမြို့နှင့်   မန္တလေးမြို့များသို့  တင်ပို့ကြောင်း၊ ရာသီဥတုကြောင့် အထွက်နှုန်းလျော့ နည်းသော်လည်း  ဝါဈေးနှုန်း  မြင့်တက်လာသဖြင့် ထိုက်သင့်သည့် အကျိုးအမြတ် ရရှိနိုင်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
                  

 မြတ်မင်း (ရေစကြို)