Main menu

Background

ဝေဖန်စစ်ကြော အရောင်းအဝယ်သဘော

Wed, 02/17/2010 - 10:00 -- Anonymous (not verified)

    ပေါက်မြို့မဈေးရဲ့ အရှေ့ဘက် တန်းမှာ ဆန်ဆိုင်၊ ပဲဆိုင်၊ လူသုံးဆေးဆိုင်၊ ပိုးသတ်ဆေးဆိုင်၊ မြေသြဇာဆိုင်ခန်းတွေ ရှိပါတယ်။ မနက်ခင်း ၇ နာရီ ကျော်ကျော်ထဲက အဲဒီဆိုင်တွေမှာပဲ အရာင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ ခုတစ်လော အရောင်းအဝယ်အဖြစ်ဆုံး ပဲကတော့ ပဲစင်းငုံပါ အရောင်းအဝယ် ဖြစ်တယ်ဆိုပေမယ့်တစ်ပြည်၊ တစ်စိတ်၊ တစ်ခွဲ၊  တစ်တင်းကနေစပြီး အရောင်းအဝယ်ဖြစ်နေတာပါ။ ညနေခင်းနေကုန်တော့မယ်ဆိုရင် ဆိုင်တစ်ဆိုင်ကို အိတ် ၄၀-၅၀ ရသွားတာကို တွေ့ရပါတယ်။ လေ့လာကြည့်တဲ့အခါမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ ပခုက္ကူမှာ  ပဲစင်ငုံတစ်တင်း ၂၇၃၀၀ ကျပ်၊ ဈေးဖြစ်ပေါ်နေချိန် ပေါက်မှာ ၂၇၀၀၀ ကျပ်ပါ။ ပေါက်မြို့နယ်ဈေးနဲ့ ပခုက္ကူဈေး တစ်တင်းအပေါ်မှာ ၃၀၀ ကျပ်ပဲကွာပါတယ်။ ပစ္စည်းစုမိလို့သွားရောင်း တော့လည်း ပခုက္ကူကိုပဲပို့ရတာပါ။ ဒီတော့ သယ်ယူခ၊ လုပ်သားခနဲ့ ကိုက်ရဲ့လားလို့ မေးကြည့်ပါတယ်။ ကိုက်ပါတယ်တဲ့၊ ကိုက်ရတဲ့အကြောင်းရင်းက လာရောင်းကြတဲ့တောင်သူအများစုဟာ လက်ငင်းငွေဖော်လိုတာဆိုတော့ တစ်ပြည်၊တစ်ခွဲ၊ တစ်စိတ် ဆိုပေမယ့် သူတို့ရဲ့ အသိစိတ်ကိုက ပိုပိုမိုမိုထည့်လာတယ်။ တစ်ခါအရောင်းအဝယ်သဘော၊ ပြည်ခြင်၊ တင်းခြင်ခြင်တော့ ပိုပိုလျှံလျှံယူထားတဲ့ အနည်းအများကို မသိသာရင် ထားခဲ့တယ်။ ဆိုလိုတာက မိမိကိုယ်တိုင်ဝယ်ရင် ပိုပိုသာသာရချင်လို့ အဆစ်သဘော တောင်းကြသလို မိမိရောင်းရင်ရော၊ ဝယ်သူက ပိုပိုသာသာလိုချင်တယ်ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကတစ်မျိုး၊ မိမိယာထွက်၊ ကိုင်းထွက်ဖြစ်တာက တစ်ကြောင်းဆိုတာတွေကြောင့်ပါ။ တစ်ခါရောင်းပြီးလို့ ငွေပေါ်ရင် မိမိလိုတဲ့ ဆန် ပြန်ဝယ်မယ်။ ကြက်သွန်ခင်းဖြန်းဖို့ ပိုးသတ်ဆေးဝယ်မယ်၊ မြေသြဇာပြန်ဝယ်မယ်။ ကိုယ့်ပဲရောင်းတဲ့ ဆိုင်မှာရှိတာကို ပြန်ဝယ်သွား ကြတာများပါတယ်။ အဝယ်အပေါ်မှာ အကျိုးရှိသလို ပြန်ရောင်းတဲ့    ပစ္စည်းအပေါ်မှာလည်း အမြတ်ရတာဆိုတော့    အယ်ရော အရောင်းပါ နှစ်သီးစားတဲ့ ကိစ္စပါတာကြောင့် ကိုက်တယ်လို့ ပြောရတာပါ။ ဒါက နယ်မြို့လေးတစ်မြို့မှာ အရေအတွက်မများတဲ့  အရောင်းအဝယ် သဘောပါ။ အခုဆိုရင် နိုင်ငံတော်က နိုင်ငံခြားဝင်ငွေ တရားဝင်ရရှိသူတွေကို နိုင်ငံခြားကလိုအပ်တဲ့ပစ္စည်း တရားဝင် တင်သွင်းခွင့်ပြုနေပြီဖြစ်ပါတယ်။ စီးပွားရေးဈေးကွက်လိုအပ်ချက် သဘောတရားတွေအရ ပစ္စည်းထွက်ရာဒေသတွေမှာ တူရာညီရာစုလို့  အထူးပြုကုမ္ပဏီတွေတည်ထောင်ပြီး ဒေသခံတောင်သူနဲ့ အရင်းအနှီးရှိသူ ကုမ္ပဏီတို့ အပြန်အလှန်ကျေး ဇူးပြုကြရင်း နိုင်ငံခြားပို့ကုန်ဈေးကွက် ချဲ့ထွင်ကြတော့မှာပါ။     ဈေးကွက်အဆင်ပြေလို့ နိုင်ငံခြား ဝင်ငွေရရှိလာတဲ့အခါမှာ ပြည်တွင်းဈေးကွက် လိုအပ်ချက်တွေအရ လိုအပ်တဲ့ ကုန်ပစ္စည်း ပြန်လည်တင်သွင်းလာတဲ့ အခါမှာ အဆင်ပြေကြမှာအမှန်ပါ။ အရောင်းအဝယ်သဘော ဝေဖန်စစ်ကြောရင်း ဒေသငယ်ငယ်က သေးသေးမွှားမွှား အရောင်းအဝယ်ကနေ ကြီးကြီးကျယ်ကျယ် နိုင်ငံနဲ့ချီတဲ့ အရောင်းအဝယ် သဘောတရားတွေ ကျယ်ပြန့်လာလို့ ကျွန်တော်တို့တွေ ခေတ်မီကမ္ဘာကြီးကို ကြည့်မြင်ကြရအောင်ပါ။