အင်းတော်မြို့နယ် မဲဇာတောင် ခြေဒေသမှာ နေထိုင်ကြတဲ့ ရှမ်း၊ ဗမာ၊ ရှမ်းကဒူး၊ ကချင် လူမျိုးများက ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှုဝါသနာပါကြ တဲ့အလျောက် အိမ်ခြံဝင်းတိုင်းမှာ သစ်သီးဝလံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက် ရှိပါတယ်။ မိုးတွင်းကာလ ဇွန်၊ ဇူလိုင်၊ သြဂုတ်ရောက်ပြီဆိုရင် သရက်သီး၊ နာနတ်သီး၊ ပိန္နဲသီး၊ နှင်းသီး၊ တညင်း သီးများ လှိုင်လှိုင်ပေါလျက် ရှိပါတယ်။
ကုန်းစိုက် ဖြစ်ထွန်းတဲ့ နာနတ် သီးကို ဧကဝက်စီတော့ ဒေသထွက် ကုန်အနေနဲ့ တောင်သူတိုင်းလိုလို စိုက်ပျိုးကြပြီး လက်ရှိပေါက်ဈေး တစ်လုံးကို ၃၀၀ ကျပ်ရကြောင်း၊ ရွှေဘို၊ မန္တလေးမှ ပွဲစားများက ကွင်းဆင်း ဝယ်ယူကြပြီးအရသာလေးပင်မှုကြောင့် မန္တလေးက နာနတ်သီး ဖျော်ရည် လုပ် ကိုင်သူများမှ အများဆုံး ဝယ်ယူကြပါ တယ်။
နှင်းသီးနဲ့ တညင်းသီးများကို အပင်ရှင်ထံမှ အပင်ပြတ်ဝယ်ယူ၍ ဒေသခံအရောင်းအဝယ်သမားများက မီးရထားတန်ဆာလုပ်ပြီး မန္တလေးကို သွားရောက် ရောင်းချလေ့ရှိကြရာ ခြံထွက်သီးနှံမှ နှစ်စဉ်ဝင်ငွေရရှိပါတယ်။
သရက်သီးနဲ့ ပိန္နဲသီးများက ဒေသစားသုံးမှုထက် ပိုလျှံစွာ ထွက်ရှိ သော်လည်း ဈေးကွက်တင်ပို့နိုင်တဲ့ အဆင့်ထိမထွက်ရှိခြင်းကြောင့် ကား တစ်စီးစာ တင်ပို့နိုင်ခြင်းမရှိ၊ လမ်းခရီး သယ်ယူစရိတ်မကာမိနိုင်ဘဲ စုစည်းလာ ရောက်ဝယ်ယူတဲ့ ကုန်သည်ပွဲစားလည်း မရှိ၊တန်ဖိုးမြှင့်ထုတ်ကုန်လည်းမဆောင် ရွက် နိုင်လို့ လေလွင့်ဆုံးရှုံးမှုရှိနေတာလို့ သိရပါတယ်။
အင်းတော်မြို့က ရွှေဘိုမြို့နဲ့ ၁၄၅ မိုင်ခန့်ကွာဝေးပြီး ကားလမ်းထက် ရထားလမ်းကို ပိုမိုအသုံးပြုခဲ့ကြပါ တယ်။ယခင်ကလမ်းပန်းဆက်သွယ်ရေး ကြောင့်လို့ပြောနိုင်ပေမယ့် ယခုကောင်း မွန် နေပြီဖြစ်လို့ ဒေသခံများအနေနဲ့ ကျေးရွာတစ်ရွာ ထွက်ကုန် တစ်မျိုး ထွက်ရှိနိုင်အောင် မိသားစုတိုင်း ဈေး ကွက်ဝင် တူညီသော သီးနှံများ ပိုမို တိုးတက် ထွက်ရှိအောင် စိုက်ပျိုးခြင်း ဖြင့်ဈေးကွက်တစ်ခုဖြစ်လာပြီး ဈေး ကောင်းရရှိ၍ လူမှုစီးပွား ပိုမိုဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။
ရီလင်းထွဋ် - မုံရွာ