Main menu

Background

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံ

Mon, 05/03/2021 - 12:02 -- journal_editor

              ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင် များကို ယနေ့ နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အောင်ဆန်းခန်းမ၌  တွေ့ဆုံခဲ့ပါသည်။

                 ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုဆောင်ရွက် ရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်စေရေး၊ လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးသည် အရေးကြီးကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် တင်ပြလျှောက်ထားမှုများကို ဥပဒေပြဋ္ဌာန်းချက်ပါ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် စိစစ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဉီးတည်ချက် ၉ ရပ်ကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှု မူဝါဒအမြန်ချမှတ် အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အချိန်တိုတို အတွင်း ရလဒ်ကောင်းများရရှိမည့် လုပ်ငန်းများကို ဉီးစားပေး လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေး ဌာနများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်ဖြစ်ကြောင်းပြောကြားပါသည်။

     ထို့နောက် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဉက္ကဋ္ဌက မွန်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ခွင့်ပြုထားသော လုပ်ငန်းများအနက်မှ ရပ်တန့်နေသောလုပ်ငန်းများ၊ လက်ရှိအခြေအနေမှ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များနှင့် လက်ရှိဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။ တက်ရောက်လာကြသည့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။  

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူရုံးသို့သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ၍ တင်ပြလာသည့် အခက်အခဲ များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

DICA