Main menu

Background

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံ

Mon, 05/03/2021 - 12:07 -- journal_editor

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ကရင်ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ကရင်ပြည်နယ်သည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသဖြင့် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့်စိတ်ဝင်စားမှုရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူ လျင်မြန် အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးသည် အရေးကြီး ကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်းများအပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပြီး လုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဉီးတည်ချက် ၉ ရပ်ကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှု မူဝါဒကို လိုက်လျောညီထွေ ချမှတ်အကောင်အထည်ဖော်လျှက် ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ အချိန်တိုတိုအတွင်း ရလဒ်ကောင်းများရရှိမည့် လုပ်ငန်းများကို ဉီးစားပေး လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် တင်ပြလျှောက်ထားမှုများကို ဥပဒေပြဋ္ဌာန်းချက်ပါ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် စိစစ်ဆောင်ရွက်ပေးရန် လိုကြောင်း၊ နိုင်ငံသား ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရေး ဌာနများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ပြောကြားပါသည်။

       ထို့နောက် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဉက္ကဋ္ဌ/ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြား ခဲ့ပါသည်။ တက်ရောက်လာကြသည့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံစက်မှုဇုန်အစည်းအဝေးခန်းမ၌ ကရင် ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့ စေရေး နိုင်ငံတော်အစိုးရက ပြင်ဆင်ဆောင်ရွက်နေသည့် အစီအစဉ်များ၊ COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ တွေ့ဆုံစဉ် တက်ရောက် လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက စီးပွားရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ နှင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် လုပ်ငန်းအခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာန များနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီး ဌာန၊ ပြည်နယ်ဉီးစီးမှူးရုံးသို့သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံကာ အခက်အခဲများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

DICA