Main menu

Background

ယွမ်ငွေလဲနှုန်းကြောင့် တရုတ်သို့ တင်ပို့ရောင်းချမည့် ကြံ ဈေးကောင်းရနိုင်

Tue, 12/13/2022 - 12:41 -- journal_editor

ယွမ်ငွေလဲနှုန်း မြင့်တက်နေခြင်းကြောင့် ဒီဇင်ဘာ ကြံရာသီ စတင်ချိန် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချမည့်ကြံများ ဈေးကောင်းရနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ   သိရ သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိ ၂၀၂၂-၂၀၂၃ ကြံရာသီတွင် စက်ရုံများက ကြံတစ်တန်လျှင် ကျပ် ခုနစ်သောင်းမှ ကျပ် ကိုးသောင်းကြား ဈေးနှုန်းသတ်မှတ်ပြီး ဝယ်ယူသွားရန် ဆုံးဖြတ်ထားကြောင်း အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောသည်။
“သူတို့ တရုတ်ဘက်က ကိုဗစ်(၁၉) ရောဂါနဲ့ ပတ်သက် တဲ့စစ်ဆေးတာတွေမြန်ရင်တော့ အဆင်ပြေနိုင်မှာပါ။ ဒီဘက် က ကြမ်းခင်းဈေးလည်း ဒီနှစ်ဈေးကောင်းပါတယ်”ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံသို့ ကြံတင်ပို့ရာတွင် လောက်ကိုင်၊ ချင်းရွှေ ဟော်၊ နမ့်ခမ်း စသည့်  နယ်စပ်ဒေသများက စိုက်ပျိုးထွက်ရှိ သည့်ကြံများ တင်ပို့ရောင်းချလေ့ရှိပြီး  တရုတ်နိုင်ငံဘက်က ယွမ်ငွေနှင့် ဝယ်ယူခြင်းဖြစ်ကာ  ကြံတစ်တန်လျှင် မြန်မာငွေ ကျပ်၂သိန်းကျော်ခန့်ရရှိနိုင်ကာ လက်ရှိ ယွမ်ဈေးမှာ တစ်ယွမ် လျှင် ၄၂၈ ကျပ်ရှိကြောင်း သိရသည်။
“တွက်ခြေကိုက်တာပေါ့။ တင်ပို့တဲ့အခါမှာလည်း ကုန်စိမ်းကားအနေနဲ့ Green Channel တစ်ခုပေးပြီး ဝင်လို့ထွက်လို့ရမှ အဆင်ပြေမှာ။ ဘာလို့လဲဆိုရင် ကြံက ခုတ်ပြီးရင် ၂၄ နာရီအတွင်း စက်ရုံကိုရောက်မှအဆင်ပြေတာ။၂၄ နာရီကျော် သွားရင် ကြံက ချဉ်သွားတယ်”ဟု ဦးဝင်းဌေးက ပြောသည်။
ကြံသယ်ယူပို့ဆောင်သည့်နေရာတွင် အဆင်ပြေစေရန် ကြံကားများကို တာဝန်ယူသည့် စက်ရုံအချို့မှလည်းပြည်တွင်း စက်သုံးဆီ လက်ကားကုမ္ပဏီများကနေ တိုက်ရိုက်ဝယ်ယူနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြသည့်အခါ  အဆင်ပြေမှုရှိကြောင်း သိရသည်။
ပြည်တွင်း၌ ကြံကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက် ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် အဓိကစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့/အနောက်)၊ ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။