Main menu

Background

ဆန်တန်ချိန် ခုနစ်သန်း တင်ပို့ရန် ထိုင်းနိုင်ငံ မျှော်မှန်းထား

Mon, 07/20/2026 - 14:26 -- journal_editor

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယခုနှစ်အတွင်း ဆန်တင်ပို့မှုကို တန်ချိန်ခုနစ်သန်းအထိ မြှင့်တင်နိုင်ရန်အတွက် ဆန်တင်ပို့သူများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အာဖရိက၊ လက်တင်  အမေရိကနှင့် အာရှတို့ ကို အဓိကတိုးတက်မှုရှိမည့် ဈေးကွက်များအဖြစ် သတ်မှတ်ထားသည်။
ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်သူ Suphajee Suthumpun  က ဆန်ကုန်သွယ်မှုအခြေအနေများနှင့် ဈေးကွက်ဖြစ်ပေါ် တိုးတက်မှုများကို ပြန်လည်သုံးသပ်ရန်နှင့် ဆန်တင်ပို့မှုကို ပိုမိုမြှင့်တင်နိုင် မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ထိုင်းဆန်တင်ပို့သူများအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပြည်ပသို့ ဆန်တင်ပို့ခြင်းသည် ဆန်အထွက်နှုန်းများကို ဝယ်ယူပေးရန်နှင့် ထိုင်းလယ်သမားများ အတွက် ဝင်ငွေရရှိစေရန် ပံ့ပိုးပေးသည့် အဓိကယန္တရားတစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ ထို့အပြင် အလားအလာကောင်းမွန်သော ဈေးကွက်များတွင် ထိုင်းဆန်ကို မြှင့်တင်ရောင်းချနိုင်ရေး အတွက် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးသံမှူးများနှင့်ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံ ခြားကုန်သွယ်မှုဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနတို့ကို ညွှန်ကြားထား ကြောင်းလည်း ဆိုသည်။
ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့အဓိကဈေးကွက်ကြီးများတွင် ကုန်သွယ်မှုအခွင့်အလမ်းများ တိုးချဲ့နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့်အတူ တတ်ကြွကစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုင်းဆန်၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်သည့် ရေရှည်စီမံကိန်းများကို အကောင်အထည်ဖော်ရန် သက် ဆိုင်ရာဌာနများကို ညွှန်ကြားထားကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။     
အဆိုပါ စီမံကိန်းများတွင် ပြောင်းလဲလာသော ကမ္ဘာ့ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီမည့် ဆန်စပါးမျိုးစိတ်သစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ပို့ကုန်ဈေးကွက်အသစ်များသို့ တိုးချဲ့ ခြင်းနှင့် လာမည့်နှစ်များတွင် ဆန်စပါးအထွက်နှုန်းကို ထိခိုက်စေနိုင်သည့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ် နှင့် ပတ်သက်သော စိန်ခေါ်မှုများကို စီမံခန့်ခွဲခြင်းတို့ ပါဝင်သည်။    
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် လယ်သမားများအတွက် ပံ့ပိုး ကူညီမှုအစီအစဉ်များကို မြှင့်တင်ရန် နှင့် နိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှု လုံခြုံစိတ်ချရမှုကို အားကောင်း စေရန်အတွက် သက်ဆိုင်ရာ အေဂျင်စီ များနှင့်နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ 

ကျော်မြင့်ဦးDOCA(ရန်ကုန်)

Source : VN Express?