Main menu

Background

မြန်မာယူ-၂၀အသင်း အိမ်ရှင်နယူးဇီလန်အသင်းနှင့် တစ်အုပ်စုတည်းကျ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာပရိသတ်များ စိတ်မပျက်စေရဟု နည်းပြဂတ်ဆီဇီဆို

Wed, 02/18/2015 - 20:19 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားယူ-၂၀ပြိုင်ပွဲအတွက် မဲ ခွဲ  ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့က နယူးဇီလန်နိုင်ငံ၊ အောက် ကလန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာယူ-၂၀အသင်း ပါဝင်ယှဉ် ပြိုင်ရမည့် အဆိုပါပြိုင်ပွဲတွင် မြန်မာ ယူ-၂၀ အသင်းသည်  အိမ်ရှင်နယူး ဇီလန်အသင်းနှင့်အတူ အုပ်စု(က)တွင် ကျရောက်နေကြောင်း သိရသည်။
မြန်မာအသင်းပါဝင်သည့် အုပ်စု (က)တွင် အိမ်ရှင် နယူးဇီလန်၊ မြန်မာ၊ အမေရိကန်နှင့် ယူကရိန်းတို့ ပါဝင် ကြောင်းသိရသည်။အဆိုပါပွဲကိုအုပ်စု ခြောက်စုခွဲ၍ မေ ၃၀ရက်မှ စတင် ကျင်းပမည်ဖြစ်သည်။
အုပ်စု(ခ)တွင် အာဂျင်တီးနား၊ ပနားမား၊ ကွန်ကာကက်ဖ်ဇုန်မှတတိယ ရရှိသည့်အသင်းနှင့် သြစတြီးယား၊ အုပ် စု(ဂ)တွင် ကာတာ၊ ကိုလံဘီယာ၊ ပေါ်တူဂီနှင့်ကွန်ကာကက်ဖ်ဇုန် စတုတ္ထ ရရှိသည့်အသင်း၊ အုပ်စု(ဃ)တွင် မက္ကဆီကို၊ ဥရုဂွေး၊ ဆားဘီးယားနှင့် ကွန်ကာကက်ဖ်ဇုန်မှ  ဒုတိယရရှိသည့် အသင်း၊ အုပ်စု(င)တွင် ကွန်ကာကက်ဖ် ဇုန်ချန်ပီယံ၊ ဘရာဇီး၊ မြောက်ကိုရီးယား၊ ဟန်ဂေရီ၊ အုပ်စု(ဆ)တွင် ဂျာမနီ၊ ဖီဂျီ၊ ဥဇဘက်ကစ္စတန်၊ ဟွန်ဒူးရပ်စ်တို့ပါဝင် ကြောင်း သိရသည်။
အုပ်စုခွဲဝေမှု  အနေအထားအရ မြန်မာယူ-၂၀အသင်းသည် ပထမဆုံး ပွဲစဉ်အဖြစ် မေ ၃၀ရက်တွင် အမေ ရိကန် ယူ-၂၀အသင်း၊ဇွန် ၂ရက်တွင် ယူကရိန်းယူ-၂၀အသင်း၊ ဇွန် ၅ ရက် တွင်အိမ်ရှင်နယူးဇီလန် ယူ-၂၀အသင်း တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယင်းကဲ့သို့ ပွဲစဉ်ဇယားများရေးဆွဲ အပြီးနောက် နည်းပြဂတ်ဆီဇီက အဆို ပါပြိုင်ပွဲတွင် မြန်မာပရိသတ်များအနေ ဖြင့် မိမိတို့အသင်း၏ ခြေစွမ်းကြောင့် စိတ်ပျက်မဖြစ်စေရဟု ဖီဖာဝက်ဘ် ဆိုက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော်တို့အသင်းကို မြန်မာ ပရိသတ်တွေ စိတ်မပျက်စေရပါဘူးလို့ ပြောချင်ပါတယ်။ကျွန်တော့်တို့အသင်း အနေနဲ့ ကစားပုံမတူညီတဲ့အသင်းသုံးသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီအုပ်စု ထဲမှာ တောင်အမေရိကရဲ့ အသင်းတွေ နဲ့ မတွေ့ရတာကိုဘဲ ကျေနပ်လှပါပြီ။ ပြိုင်ဘက်အသင်းတွေရဲ့ ကိုယ်ခန္ဓာကြံ့ ခိုင်မှုက အသင်းရဲ့စိန်ခေါ်မှုတွေ ဖြစ် လာနိုင်ပါတယ်''ဟု  ဖီဖာဝက်ဘ်ဆိုက် သို့ ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာယူ-၂၀အသင်း၏ နည်းပြတစ်ဦးဖြစ်သည့် ဦးညီညီလတ် ကလည်း အုပ်စုခွဲဝေမှု ရလဒ်အပေါ် ကျေနပ်မိကြောင်းနှင့်  ယူကရိန်းနှင့် ယှဉ်ပြိုင်ရမည့်  နောက်ဆုံးပွဲစဉ်သည် နောက်တစ်ဆင့်သို့  တက်ရောက်ရေး အတွက် အရေးကြီးသောပွဲစဉ်တစ်ပွဲဖြစ် ကြောင်း ပြောကြားခဲ့သည်။
''ကျွန်တော်တို့အတွက် ကံကောင်း တဲ့မဲခွဲမှုပါ။ အိမ်ရှင်အသင်းနဲ့ကြုံတွေ့ရ တယ်ဆိုပေမယ့် ကျန်တဲ့အင်အားကြီး အသင်းတွေကို ရှောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အုပ်စုတွင်းမှာ ယှဉ်ရမယ့် အမေရိကန်အသင်းဆိုရင်လည်း အမျိုး သမီးဘောလုံးမှာ အင်အားကြီးနိုင်ငံဖြစ် ပေမယ့် အမျိုးသားမှာတော့ ထိပ်တန်း အဆင့်မဟုတ်ပါဘူး။ ယူကရိန်းက တော့ အမေရိကန်ထက် ပိုပြီးကောင်း နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အိမ် ရှင်အသင်းနဲ့ နောက်ဆုံးမှာကစားရမှာ က အားသာချက်တစ်ခုပါ။ ပထမဆုံးပွဲ မှာ အမေရိကန်ကို အနိုင်ကစားနိုင်မယ် ဆိုရင် ယူကရိန်းနဲ့ပွဲစဉ်က ကျွန်တော် တို့အတွက် အရေးပါတဲ့ပွဲ ဖြစ်ပါလိမ့် မယ်။ ပထမဆုံးပွဲမှာ ရလဒ်မကောင်းခဲ့ ရင်လည်း ယူကရိန်းနဲ့ပွဲက ကျွန်တော် တို့အတွက် အရေးကြီးတဲ့ပွဲ ဖြစ်လာပါ လိမ့်မယ်''ဟု ပြောကြားခဲ့သည်။