Main menu

Background

စလစ်ဈေးတန်းဆက်လက်မြင့်နေပြီး ရန်ကုန်လိုင်စင်ကားလေးများသာ အရောင်းအဝယ်ဖြစ်နေ

Thu, 08/31/2017 - 15:10 -- journal_editor

      ရန်ကုန်မြို့ကားဈေးကွက်အတွင်း သြဂုတ်လကုန်ပိုင်းအခြေအနေမှာ ယာဉ်အိုဟောင်းအပ်နှံစလစ်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး စလစ်ကပ်ကားများ အသွင်းနည်းကာ နံပါတ်ထွက်ရှိပြီး၊ သုံးစွဲပြီးကားလေးများသာ  အရောင်းအဝယ်လုပ်ရာတွင် ထိပ်ဆုံးမှရှိနေကြောင်း သိရ သည်။ ပြီးခဲ့သည့်လများကတည်းက ဆက်တိုက်ဆိုသလို ဈေးတန်းမြင့်တက်လာသည့် စလစ်ဈေးတန်းသည် သိန်း ၁၂၀ ကျော်ဖြင့် နှစ် ၂၀ စလစ်မှာ ထိပ်ဆုံးမှရှိနေပြီး ဈေးကွက်ထဲတွင်  စလစ်ကပ်ကားများ အသွင်းနည်း၊ အဝင်နည်းနေသော်လည်းစလစ်ရှားပါးမှုကြောင့် ဈေးကျဆင်းရန်မရှိဘဲ အတက်ဖက်သို့သာ ဦးတည်ရခြင်းဖြစ်ကြောင်းသိရသည်။ စလစ်ဈေးကွက်ထဲတွင် နှစ် ၂၀ အိုဟောင်း ယာဉ် အပ်နှံစလစ် မှာ ရှေ့ဆုံးမှရှိနေပြီး ဘတ်(စ်) ကားအပ်နှံစလစ်များမှာ ၉၅ ခုနှစ်ထုတ်ကားများ စီးရေသုံးထောင်ခန့်အပ်နှံနေပြီဖြစ် သော်လည်း ဈေးကွက်ထဲသို့ ဝင်ရောက်လာမှုနည်းနေခြင်း ကြောင့်  ဈေးမြင့်တက်နေရခြင်း လည်း အကြောင်းအချက်တစ်ရပ် ဖြစ်ကြောင်း ဝါရင့်ဝယ်ရောင်းကိုမြင့်ကျော်က ပြောသည်။
         လတ်တလောဈေးကွက်တွင်  ရန်ကုန်လိုင်စင်ကား ငယ်လေးများသာ အရောင်းအဝယ်ရှိပြီး ဝယ်ရောင်းများမှ  ၁၀ သိန်းအမြတ်၊ ၁၅ သိန်းအမြတ်စသည်ဖြင့် လက်လွှဲရောင်းချရန်အတွက် ကောက်ယူခြင်း၊ ပြန်လွှဲခြင်းများ ရှိနေပြီး နယ်မြို့များရောက်ရှိနေသည့် ရန်ကုန်လိုင်စင်ကားများကို လည်း ပြန်လည်ဝယ်ယူလာပြီး အချင်းချင်းအသိပေးလက်လွှဲရောင်းချခြင်းများလည်းရှိကြောင်း၊ လက်ရှိဈေးကွက် အတွင်း ကားလေးများသာ ဝယ်လက်ရှိနေပြီး နယ်လိုင်စင် နောက်ဆုံးအက္ခရာများထဲမှ ဟွန်ဒါဖစ်ရှပ်တဲလ်၊ ဟွန်ဒါဖစ်၊နီဆန်းနုတ်၊ မာဇဒါဒီမီယို ရက်တစ်စသည့် ကားလေးများ လည်း အဝယ်ရှိကာ သိန်း ၂၀၀ အောက်ဈေးတန်းဖြင့် အဝယ်ရှိကြောင်း သိရသည်။ ရန်ကုန်မြို့ တွင်း ယာဉ်ရောင်းဝယ်ရေးစခန်းများအနက်မှ သီရိမင်္ဂလာဈေးဟောင်း ရောင်း ဝယ်ရေးစခန်းမှာလည်း အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ခံရကြောင်း ကြားသိရသဖြင့် အဆိုပါကိစ္စသေချာပြီဆိုပါက မြို့တွင်းရောင်းဝယ် မှုလုပ်ငန်းများ အခက်အခဲ ဖြစ်ပေါ်နိုင်ပြီး ကျောက်မြောင်း၊ ကန်တော်ကလေးနှင့် အခြားနေရာစုံတွင် အရောင်းအဝယ်လုပ်ငန်းများ ပြန့်ကျဲ သွားနိုင်ပြီးအဆင်မပြေမှုဖြစ်လာနိုင်ကြောင်း ဝါရင့်ယာဉ် ဝယ်ရောင်းများကပြောသည်။

 

SN