Main menu

Background

အသစ်တင်သွင်းလာသည့်ကားများ ဈေးတန်းမာသလို စလစ်ဈေးလည်း မြင့်တက်မှုရှိနေ

Thu, 08/13/2015 - 19:01 -- journal_editor

     သြဂုတ်လပထမပတ်၏ ရန်ကုန်ကားဈေးကွက်၏ အခြေအနေမှာ အရောင်းအဝယ်အေးနေဆဲဖြစ်ပြီး မိုးရာသီကာလအသုံးများကားအချို့သာ အရောင်းအဝယ် ရှိနေကြောင်းသိရသည်။ လကုန်ပိုင်း၌  မိုးရွာသွန်းမှုများပြားနေ ပြီး ဒေါ်လာဈေးနှုန်းသတ်မှတ်ချက်လည်း ယခင်ထက်စာလျင် မြင့်မားနေသဖြင့် ကားပွဲစားတန်းများတွင် ဈေးကွက်အေးနေပြီး အရောင်းပြခန်းများတွင် အမေးအဝယ်ရှိကြောင်းသိရသည်။ အသစ်သွင်းကားများအနေဖြင့် အရောင်း အဝယ်လုပ်ရာတွင် ဝယ်သူပေးသည့်ဈေးနှုန်းလိုက် မချနိုင်သဖြင့် အင်ဂျင်ပါဝါကြီးအသစ် တင်သွင်းလာသည့်ကားများ ယာဉ်နံပါတ် မထုတ်ရသေးသည့် ကားများအရောင်းအဝယ်ပါးနေကြောင်းသိရသည်။
     ဇူလိုင်လတတိယပတ်ခန့်ကစတင်၍ ကညန၏အခွန်ပေးဆောင်မှုအတွက် ဒေါ်လာဈေးသတ်မှတ်ချက်တည်ငြိမ်လာသဖြင့် ကနဦးမှတ်ပုံတင်ယာဉ်များ ပြန်လည်စည်ကားလာကာအခွန်ပေးဆောင်မှုများရှိခဲ့သော်လည်း ယင်းတို့ ထဲတွင် ဖရီးပါမစ်ကားငယ်များသာဖြစ်ကြောင်း သိရသည်။ ဖရီးပါမစ်ကားများမှာ အင်ဂျင်ပါဝါကြီးများနှင့်စာလျှင် အရောင်းအဝယ်ရှိသော်လည်း မိုးရာသီကာလတွင် အသုံးခံပြီးလူကြိုက်များသည့် ပရိုဘောက်ဗင်ကားငယ်များမှာ ေ ဒါ်လာဈေးလည်းတက်၊ ဂျပန်လေလံဈေးလည်း မြင့်တက်နေသဖြင့် ပရိုဘောက်သီးသန့်တင်သွင်းသူများပင် လိုင်းပြောင်း၍ တင်သွင်းလာကြောင်း သိရသည်။
     ယာဉ်ဟောင်းအပ်နှံစလစ်များမှာလည်း လတ်တလော တဖြည်းဖြည်း ပြန်လည်မြင့်တက်နေပြီး နှစ် ၂၀ သက်တမ်းနှင့် စက်မှုဇုန်စလစ်မှာ ၆၇ သိန်း၊ ၆၈ သိန်းဖြစ်ပေါ်နေကာ မြန်မာမီနီဆလွန်းကားငယ်များပင်  ၅၇ သိန်းထိ တက်လာကြောင်း၊ ယခုလအတွင်း နံပါတ်အနက်ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်နံပါတ် အနီပြောင်းလဲခွင့်မပြုဟု သိရသဖြင့် မြန်မာမီနီအပ်ကားများ ဈေးပိုလာနိုင်ကြောင်း၊ အငှားယာဉ်အုပ်စုများတွင် စီအန်ဂျီနှင့် ဒီဇယ်သုံးအကြ မ်းခံပြီးရေစိုခံသည့် အောက်ပိုင်းတောင့်တင်းသည့် ဆလွန်းများ၊ ဗင်များ အက္ခရာ ၁ တန်း၊  ၂ တန်း နိမ့်များ အရောင်းအဝယ်ရှိနေကြောင်း ဝါရင့်တက္ကစီအကျိုးဆောင် ဦးဖြိုးမှ ပြောသည်။

SN