Main menu

Background

ပန်းပွင့်ရာမှ အသီးတင်ဖို့

Fri, 03/23/2012 - 10:45 -- Anonymous (not verified)

ယခုနှစ် ၂၀၁၁ ဒီဇင်ဘာလ ပတ်ဝန်းကျင်၌ အောက်မြန်မာပြည်တွင် သရက်ပန်းပွင့်နှုန်းမှာ ၁၀ ရာခိုင်နှုန်း လောက်သာ ပန်းပွင့်ကြသီးကြသည်။ ၂၀၀၈ ခုနှစ် နာဂစ်နောက်ပိုင်းတွင် အောက်မြန် မာပြည်၌ သရက်များ ကောင်းကောင်းမပွင့်ကြသ လို ယခု ၂၀၁၂ ခုနှစ်လည်း သရက်သီးပန်းများ ကောင်းကောင်းမပွင့်ကြသဖြင့် အထွက်နှုန်းနည်း မည်ဟု သရက်တောင်သူများတွေးထင်ကြသည်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ၌လည်း အောက်မြန်မာပြည်နည်းတူ အချို့သော သရက်ပင်အနည်းငယ်သာ ဖူးပွင့်ကြသည်။ ဒီနှစ် တော့ သရက်သီးတော့ မှန်းချက်နှင့် သရက်သီး ထွက် မကိုက်ဟုထင်မိကြသည်။ ဒါပေမဲ့ သရက် သီးပန်းပွင့်ရာသီမကုန်သေးသဖြင့် မျှော်လင့်စောင့် စားကြသည်။ ဖေဖော်ဝါရီလ နှောင်းပိုင်းကျမှ သရက်ပန်းတွေလှိုင်လှိုင်ပွင့်လာကြသည်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ၁၀၀ ရာခိုင်နှုန်းလောက် အပင်တိုင်းတစ်ပင်လုံး ဖူးပွင့် ကြသည်။ သရက်တောင်သူတို့  ပျော်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းကတော့ ဒီဇင်ဘာ၊ ဇန်န ဝါရီကတည်းက ပွင့်သည်။ တောက်လျှောက်ပန်း တွေလှိုင်လှိုင်ပွင့်နေသည်။ ဇန်နဝါရီနောက်ဆုံး အပတ်၊ ဖေဖော်ဝါရီပထမအပတ်မှာပင် အပင် တိုင်းလိုလိုပွင့်ကြသည်။ ထုံးစံအရ ရှမ်းပြည်နယ် တောင်ပိုင်းလည်း နောက်ဆုံးမှပွင့်ရမည့် သရက် ပင်များသည် သရက်ပန်းရာသီအစောပိုင်း၊ နိုဝင် ဘာနှောင်းပိုင်းမှ တောက်လျှောက်ပွင့်ရာ ဇန်န ဝါရီ၌အထွတ်အထိပ်သို့ ရောက်အောင်ပွင့်သည်။ ဒီနှစ်သရက်ပန်းပွင့် ပုံမှာလည်းထူးခြား၍ ပြောင်း ပြန်ဖြစ်သည်။ မြေပြန့် အောက်မြန်မာပြည်က နောက်ဆုံးမှာပွင့်သည်။ဒီနှစ် ၂၀၁၂ ခုနှစ် သရက်ပန်းပွင့်မှု လွန်ကဲလှ သည်။ သရက်သီးအထွက်နှုန်းတိုးမှာမို့ သရက် တောင်သူများလည်းအပြုံးပန်းပွင့်ကြသည်။ ဒါပေမဲ့ သရက်ပန်းပွင့်တိုင်း အထွက်နှုန်းတိုးမည်ဟု ပုံသေ ပြော၍မရပါ။ သရက်ပန်းပွင့်ချိန်၌ ဂရုစိုက်ရမည်။ သရက်ပန်းပွင့်ကို ဒုက္ခပေးသော ဖြုတ်ပိုး၊ ပွင့်ထွေ ပိုး၊ လှေးပိုးတို့ကျရောက်မှု ရှိမရှိ ဂရုစိုက်ကြည့် ရှုရမည်။ ဒီနေ့ဒီအချိန်ထိ ပိုများများ ကျရောက်မှု သတင်း ဘယ်နယ်ဘက်ကမှ မကြားသိရပါ။မှိုရောဂါအနေနှင့်လည်း မှဲ့ပြောက်စွန်းရောဂါ  (anthranose)နှင့် နှင်းမှုံရောဂါ (powdery)  ကျ ရောက်မှုကို သတိထားရပါမည်။  နေပြည်တော် အနီးတစ်ဝိုက်ရှိ သရက်ခြံနှစ်ခြံ၌ powdery   ကျ တာတွေ့ခဲ့ရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၌ လည်း နှင်းခါးကျအနည်းငယ်ပျက်ပြီး powdery   အနည်းငယ်ကျကြောင်း သိရသည်။ powdery  ကို မှိုဆေးတစ်မျိုးမျိုးဖြင့် နှစ်ကြိမ်ခန့် ၁၀ ရက်ခြား ဖျန်းလျှင်၊ ဂရုတစိုက် လုပ်ဆောင်လျှင် အလွယ် တကူ နှိမ်နင်းနိုင်သည်။နေပြည်တော်၌ ကျရောက် သော သရက်ခြံမှ ပြန်လည်  သတင်းပို့ချက်အရ powdery   လည်း  ကင်းစင်သွားပြီဖြစ်ကြောင်း၊ အသီးကြွေတာလည်း ရပ်သွားကြောင်း ဝမ်းသာ အားရ ကြားသိရပါသည်။ပန်းပွင့်ချိန်၌ အသီးတင်ရေးအတွက် ပိုးနှင့် မှိုရောဂါကို ဂရုတစိုက် ကြည့်ရှုနှိမ်နင်းလျှင် ပိုးနှင် မှုကြောင့်ပျက်စီးမည့် အသီးများမပျက်စီး၊ မဆုံးရှုံး ရုံသာရှိမည်။ အသီတင်ရေးမှာ ဘက်ပေါင်းစုံပြည့်စုံ ဖို့ လိုအပ်ပါသည်။ အသီးတွေ တင်လာပေမယ့် ၎င်းင်းအသီးများ ဆက်လက်ကြီးထွားရေး၊ အရည် အသွေးကောင်းမွန်ရေးမှာ မိခင်အပင်ကြီးမှ အစာ ရေစာလုံလောက်အောင် လုပ်ဆောင်ကျွေးမွေးမှ သာလျှင် အသီးများ ဆက်လက်ကြီးထွားမည်ဖြစ် သည်။ပန်းပွင့်လှိုင်လှိုင်ပွင့်ပေမယ့် အသီးတွေတင်ဖို့ အတွက်  အောက်ပါအချက်များကို သရက်စိုက် တောင်သူများ မဖြစ်မနေလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။    ၁။    ပန်းပွင့်ချိန်၌ ဖြုတ်ပိုး၊ ပွင့်ထွေပိုး၊ လှေးပိုး ရှိ မရှိ ဂရုစိုက်ကြည့်ရှုပါ။    ၂။    ပန်းပွင့်ချိန်၌ မှိုရောဂါကျရောက်မှု ရှိ မရှိ အမြဲစစ်ဆေးပါ။ ကျရောက်မှုရှိပါက ရောဂါ ကျရောက်မှုအတိုင်းအတာကို မှန်းဆပြီးလို အပ်ပါက မှိုသတ်ဆေး၊ ပိုးသတ်ဆေးများ ဖျန်းရပါမည်။ ပန်းပွင့်ချိန်၌ မည်သည့်ဆေး မျှဖျန်းရန် မသင့်တော်သော်လည်း  ဆုံးရှုံး နိုင်မှုအခြေအနေတွက်ဆ၍ ဖျန်းသင့်လျှင် ဖျန်းပါ။ ဝတ်မှုန်ကူးကောင်   (ပျား၊ ယင် ကောင်များ) အသေအပျောက်နည်းစေရန် ညနေပိုင်း၊ ညနေစောင်းအချိန်များ၌ ဓာတ် ကြွင်းနည်းသော ဆေးကို ရွေးချယ်၍ ဖျန်း သင့်ပါသည်။    ၃။    ဝတ်မှုန်ကူးကောင်းစေရန်၊ ပျားယင်ကောင် များလာစေရန် ပျားအတွက် ရေခွက်ထားရှိ ပေးခြင်း၊ အကာအကွယ်  ပေးခြင်းများ ဆောင်ရွက်ပါ။    ၄။    ပန်းပွင့်မှု ၆၀-၈၀ ရာခိုင်နှုန်းရှိလာပါက အပင်ကို ရေပေးသွင်းပါ။ ရေမပေးသွင်း နိုင်ပါက အပင်ရှိခြေ၌ အစိုဓာတ်ထိန်းသိမ်း နိုင်စေရန် စပါးခွံ၊ မြေဆွေး၊ သစ်ရွက်ဆွေး၊ ကောက်ရိုးဆွေးများ ဖုံးအုပ်၍ အစိုဓာတ် ရရှိရေးစီစဉ်ပေးပါ။ ရေရရှိမှသာလျှင် အစာ ရေစာရရှိပြီး အသီးတင်မည်ဖြစ်ပါသည်။    ၅။    အသီးကင်းဝင်ပြီး ငရုတ်ကောင်းစေ့၊ ပြောင်း ဖူးစေ့ အရွယ်ရှိလာပါက  NPK (19:34)   ကဲ့သို့ အချိုးရှိသော ရွက်ဖျန်းမြေသြဇာနှင့် အနည်းလိုဒြပ်စင်  (Zinc) ပါဝင်သော ရွက်ဖျန်း မြေသြဇာများကို ရောနှော၍ ပက်ဖျန်းပေးပါ။    ၆။    အသီးကင်းဝင်ပြီး လောက်စလုံး အရွယ် ရောက်ပါက ကယ်လစီယမ်၊ ဘိုရွန်ပါဝင် သော ရွက်ဖျန်းဆေးများဖျန်းပေးပါ။ဥပမာ-ကယ်လစီယမ်၊ ဘိုရွန်ပါဝင်သော ကယ်ဘိုလ် နှင့် နိုက်ထရိုဂျင်၊ ကယ်လစီယမ်၊ ဘိုရွန်ပါ ဝင်သော (N,Ca,B)   အန်ကယ်ဘီတို့ကို ၂ ကြိမ်ခန့် ဖျန်းပေးပါ။    ၇။    သရက်သီးကြက်ဥအရွယ်၊ ဂေါက်သီးအရွယ် ရောက်လာပါက အိတ်စွပ်ပါ။ အိတ်မစွပ်မီ မှိုသတ်ဆေး၊ ပိုးသတ်ဆေး တစ်မျိုးဖျန်းပြီး ချက်ချင်းအိတ်စွပ်ပါ။  အိတ်စွပ်ထားစဉ် ကာလတစ်လျှောက် အိတ်တွင်း၌ လှေးပိုး၊ အကြေးပိုး၊ ပိုးစေးနှဲများ ဝင်ရောက်မှု ရှိမရှိ ဂရုတစိုက် စစ်ဆေးကြည့်ရှုပါ။    ၈။    အသီးကင်းဝင်စမှ မဆွတ်ခူးမီ သုံးပတ်ခန့် အလိုထိ အပင်အစိုဓာတ်ရရှိရေး၊ ရေရရှိရေး ကို ဂရုစိုက်ဆောင်ရွက်ပါ။    ထိုသို့ စနစ်တကျ ဂရုတစိုက် ဆောင်ရွက် မည်ဆိုပါက ပန်းပွင့်သလောက်  အသီးတင်ပြီး အရည်အသွေးကောင်းသော သရက်သီးများ ရရှိ မည်ဖြစ်ပါသည်။